Border News Agency
ကျောက်တော်၊စက်တင်ဘာ ၂၈။
အာရက္ခဒေသရှိမြို့ရွာတွေကို စက်တင်ဘာလ၁၇ ရက်ကနေ ၂၇ ရက်နေ့အထိ ဆယ်ရက်တာကာလအတွင်း အာဏာသိမ်းစစ်တပ်လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ နေ့စဥ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ဖက်ကျကျေးရွာမှာ ၂ ဦး၊ ပေါက်တောမြို့နယ်၊တောင်းဖူးကျေးရွာမှာ အမျိုးသမီး ၁ ဦး၊ပုဏ္ဏားကျွန်းမြို့နယ်၊ကုလားချောင်းကျေးရွာမှာ ၁ ဦးနဲ့ ရသေ့တောင်မြို့နယ်၊ဇီးကိုင်းကျေးရွာမှာ လက်နက်ကြီးမှန်လို့ ၂ ဦး၊ စုစုပေါင်းပြည်သူ ၆ ဦး သေဆုံးခဲ့ရပါတယ်။
အဲဒီအပြင် ကျောက်တော်မြို့မှာ ၇ ဦး၊ ကျိန္တလီမြို့မှာ ၃ ဦး၊ ဂွ၊ အမ်း၊ မင်းပြားနဲ့ သံတွဲမြို့နယ်တို့မှာ ၁ ဦးစီနဲ့ ပေါက်တောမြို့နယ်မှာ ၁ ဦး၊စုစုပေါင်း ပြည်သူ ၁၅ ဦး ဒဏ်ရာရသွားခဲ့ကြတာပါ။
အဲဒီသေဆုံးသွားသူတွေထဲမှာ ပေါက်တောမြို့နယ်တောင်းဖူးကျေးရွာက အမျိုးသမီး ၁ ဦး ပါဝင်သလို ကျောက်တော်မြို့နယ်မှာ ဒဏ်ရာရခဲ့တဲ့အရပ်သား ၇ ဦးထဲမှာလည်း အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး ပါဝင်နေတာဖြစ်ပါတယ်။
အဆောက်အအုံပျက်စီးမှုတွေအနေနဲ့ ဖက်ကျကျေးရွာမှာနေအိမ် ၂၅ လုံး၊ ကျိန္တလီနဲ့ ရေကျော်ကျေးရွာတို့မှာ နေအိမ် ၂၄ လုံး၊ ကုလားချောင်းကျေးရွာမှာ ၆ လုံး၊ ဆတ်သွားကျေးရွာမှာ ဈေးဆိုင် ၂ ဆိုင်နဲ့ အိမ် ၁ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အဲဒီအပြင် ပေါက်တောမြို့နယ်ရှိ သမိုင်းဝင်တောင်းဖူးဘုရားသိမ်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့သလို ဒေသခံတွေမွေးမြူထားတဲ့ ကျွဲ၊ နွား၊ ဝက်နဲ့ ဆိတ် အများအပြားလည်းသေဆုံးခဲ့ပါတယ်။
စစ်ရေးအရှုံးနဲ့ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာစစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံနဲ့ စစ်ဘေးရှောင်စခန်းတွေကို နေ့ရောညပါလေကြောင်းကနေ သူရဲဘောကြောင်စွာတိုက်ခိုက်နေတာလို့ အာရက္ခတပ်တော်ကဆိုပါတယ်။
























