Border News Agency
လားရှိုး၊နိုဝင်ဘာ ၁၂။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ငွေကျပ်သိန်းတထောင့်လေးရာ့ခုနှစ်ဆယ်ခန့်ရှိ စိတ်ကြွဆေးပြားနှစ်သိန်းကိုးသောင်းလေးထောင်ပြားကို မော်တော်ယာဉ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က နိုဝင်ဘာလ ၁၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလားရှိုးမြို့၊ ရပ်ကွက် ၈ ၊အင်ကြင်းလမ်းမှာ ကျော်လင်း (ခ) ကဒီမွတ်လာ မောင်းနှင်ပြီး စောလင်းထက် (ခ) ကိုထက်လိုက်ပါလာတဲ့ TOYOTA ALPHARD အမျိုးအစားမော်တော်ယာဉ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့ကရပ်တန့်စစ်ဆေးခဲ့တာပါ။
အဲဒီလို ရပ်တန့်ခိုင်းချိန် စောလင်းထက် (ခ) ကိုထက်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ကျော်လင်း (ခ) ကဒီမွတ်လာ နဲ့အတူ မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြားတွေအပြင်လက်ကိုင်ဖုန်း တလုံးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီပါဝင်သူ ကျော်လင်း (ခ) ကဒီမွတ်လာနဲ့ထွက်ပြေးတိမ်းရှောင်နေသူစောလင်းထက် (ခ) ကိုထက်တို့နှစ်ဦးကို လားရှိုးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေနဲ့အမှုဖွင့်ထားပါတယ်။
အဲဒီဖမ်းဆီးရမိသူနဲ့ ထွက်ပြေးတိမ်းရှောင်နေသူတို့ကို ဥပဒေနဲ့အညီအရေးယူနိုင်ရေးဆောင်ရွက်နေသလို ပါဝင်ပတ်သက်သူကွင်းဆက်တွေကိုလည်း ဆက်လက်ဖော်ထုတ်နေပါတယ်။







