Border News Agency
မောင်တော၊နိုဝင်ဘာ ၁၁။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့၊ပတေင်္ဂမြို့နယ်ရှိ ကရ်နဖူလီရေကြောင်းလိုင်း ၁၈ နံပါတ် ဆိပ်ကမ်းအနီးမှာ မောင်တောသို့ပို့ဆောင်မယ့် တရားမဝင်ဘိလပ်မြေတွေနဲ့အတူ မှောင်ခိုသမားငါးဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၁၀ ရက်၊မနက် ၇ နာရီအချိန်ခန့်မှာ စစ်ဆင်ရေးသွားလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာသံသယဖြစ်ဖွယ် ကုန်တင်စက်လှေတစီးကို ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင်တင်ဆောင်လာတဲ့ ဘိလပ်မြေတွေကိုတွေ့ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဒုတိယရေတပ်ဗိုလ်မှူးဆဗ်ဗီးရ်အာလမ်ဆူဂျွန်က ပြောဆိုပါတယ်။
အဲဒီလိုဝင်ရောက်ရှာဖွေရာမှာ တန်ဖိုးငွေဘင်္ဂလားဒေ့ရှ်တာကာ ကိုးသိန်းရှစ်သောင်းခန့်တန်ဖိုးရှိ တရားမဝင်ဘိလပ်မြေကီလိုဂရမ်ခုနှစ်သောင်းကိုသိမ်းဆည်းရမိခဲ့ပြီး မှောင်ခိုတင်ဆောင်လာတဲ့ တရားခံငါးဦးနဲ့အတူ ဘုတ်တစီးကိုပါဖမ်းမိခဲ့ပါတယ်။
အဲဒီမှောင်ခိုဘိလပ်မြေတွေ၊မော်တော်ဘုတ်နဲ့တရားခံငါးဦးကို သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူသွားမယ်လို့ဆိုပါတယ်။








