Border News Agency
မြောက်ဦး၊နိုဝင်ဘာ ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ စပါးဝယ်ယူရောင်းချရင် တတင်းကိုအလေးချိန်ကိုး ကီလိုဂရမ် သို့မဟုတ် နို့ဆီဗူးငါးဆယ့်ငါးဗူးထက်မပိုတဲ့ နှုန်းထားနဲ့ညီညွတ်စွာချိန်တွယ်ရောင်းဝယ်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီစပါးရောင်းဝယ်ရာမှာ ဒေသအခေါ် တတင်းကို ကိုးကီလိုဂရမ်နဲ့ ချိန်တွယ်ရောင်းဝယ်ရမှာဖြစ်ပြီး ကီလိုဂရမ်နဲ့ချိန်တွယ်ဖို့ အခက်အခဲရှိတဲ့နေရာတွေမှာ နှစ်ဖက်သဘောတူရင်နို့ဆီဗူးငါးဆယ့်ငါးဗူးထက်မပိုတဲ့ အရေအတွက်နဲ့ရောင်းဝယ်ရမှာဖြစ်ပါတယ်။
အာရက္ခခရိုင်အသီးသီးမှာ စပါးခြင်တွယ်ရာမှာ နှုန်းထားအမျိုးမျိုးဖြစ်နေတာကြောင့် စပါးရောင်းဝယ်မှုဆိုင်ရာ အခေါ်အဝေါ် မတူညီတာနဲ့ ဈေးနှုန်းအပြောင်းအလဲမြန်ဆန်တာစတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
အဲဒီအခက်အခဲတွေကိုဖြေရှင်းဖို့နဲ့ လယ်သမားတွေထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိပြီး နစ်နာမှုနည်းပါးစေဖို့ရည်ရွယ်ကာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စံနှုန်းတခုတည်းသတ်မှတ်ထုတ်ပြန်တာပါ။
အဲဒီသတ်မှတ်ချက်တွေကို သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ ကော်မတီတွေက ကိုယ်တိုင်လိုက်နာဆောင်ရွက်ဖို့နဲ့ ပြည်သူတွေအားလုံးညီညွတ်စွာ လိုက်နာနိုင်ရေးအသိပေးညွှန်ကြားထားပါတယ်။






