Border News Agency
ဂျာမနီ၊နိုဝင်ဘာ ၁၀။
ဂျာမနီ သံရုံးယာယီတာဝန်ခံရဲ့ ဆောင်ရွက်ချက်တွေဟာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တာဖြစ်တာကြောင့်လက်ခံနိုင်ဖွယ်မရှိဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယဝန်ကြီးက တွေ့ဆုံပွဲမှာ ပြင်းထန်စွာကန့်ကွက်ပြောကြားလိုက်ပါတယ်။
ဥရောပမှာ ဒီမိုကရေစီခိုင်မာတဲ့ ဂျာမနီနိုင်ငံရဲ့ သံရုံးယာယီတာဝန်ခံအနေနဲ့ သံတမန်ကျင့်ဝတ်နဲ့အညီ သံတမန်တာဝန်တွေကိုသာ အဓိကထားဆောင်ရွက်လိမ့်မယ်လို့ မြန်မာဘက်ကမျှော်လင့်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်က ဆိုပါတယ်။
သံရုံးယာယီတာဝန်ခံရဲ့ ဗီဒီယိုရိုက်ကူးတဲ့ နေရာရွေးချယ်မှုအပါအဝင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ချက်တွေဟာ အိမ်ရှင်နိုင်ငံနဲ့ အစိုးရကို ဆန့်ကျင်မှုတွေဖြစ်ပေါ်စေဖို့၊ ပြည်တွင်းမတည်ငြိမ်မှုတွေဖြစ်ပေါ်စေဖို့နဲ့ အစိုးရရဲ့ယုံကြည်ကိုးစားမှုကိုထိခိုက်စေဖို့လုပ်ဆောင်တာလို့ ဒုတိယဝန်ကြီးကထောက်ပြတာပါ။
အဲဒီအပြင် ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးဆိုင်ရာဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၄၁ (၁) ပါ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းတွေလေးစားဖို့နဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမပြုဖို့ သံတမန်တွေရဲ့တာဝန်ကိုအသိပေးခဲ့ပြီး အဲဒီပြုမူဆောင်ရွက်ချက်အပေါ် တရားဝင်ရှင်းလင်းချက်ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဂျာမနီနိုင်ငံနဲ့ ဆက်ဆံရေးကိုအလေးထားပေမယ့် အပြန်အလှန်လေးစားမှု၊အချုပ်အခြာအာဏာတန်းတူညီမျှမှုနဲ့ ပြည်တွင်းရေးမစွက်ဖက်မှုတို့ သံတမန်ဆက်ဆံရေးရဲ့ အခြေခံမူတွေဖြစ်တာကြောင့် နောက်နောင်ခုလိုပြုလုပ်ရင် အပြည်ပြည်ဆိုင်ရာဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးခဲ့ပါတယ်။







