Border News Agency
အိန္ဒိယ၊စက်တင်ဘာ ၂၈။
အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ အိမ်နီးချင်းနီပေါနိုင်ငံမှာ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ အိန္ဒိယနိုင်ငံအတ္တာပရာဒေ့ရှ်ပြည်နယ်မှာ လူ ၅၆ ဦးနဲ့ နီပေါနိုင်ငံမှာ ၁၂ ဦး၊စုစုပေါင်း လူ ၆၈ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၊ အတ္တာပရာဒေ့ရှ်ပြည်နယ်မှာ စက်တင်ဘာလ၂၆ ရက်မှ ၂၈ ရက်အတွင်း ပုံမှန်ထက်မိုးရေချိန် အဆမတန်ပိုမိုရွာသွန်းခဲ့တာဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူ ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတာပါ။
အဲဒီအပြင် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဩရိဿပြည်နယ်မှာလည်း မြစ်ရေမြင့်တက်လာမှုကြောင့် ရေဝပ်ဧရိယာတွေမှ ပြည်သူ ၇၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသလို တံတားတွေနဲ့လမ်းတံတားအခြေခံအဆောက်အအုံတွေလည်းပျက်စီးခဲ့ရပါတယ်။
နောက်ပြီးနီပေါနိုင်ငံတွင်လည်း ရေကြီးမြေပြိုမှုတွေထပ်မံဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး စက်ရုံတွေနဲ့လျှပ်စစ်ဓာတ်အားလိုင်းတွေပျက်စီးကာ ခရိုင် ၄၉ ခုမှာ ရေကြီးရေလျှံမှု သတိပေးချက်တွေထုတ်ပြန်ထားရတာပါ။
ဂင်္ဂါမြစ်အပါအဝင် အဓိကမြစ်ကြီးတွေရဲ့ရေအမှတ်မှာ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး သက်ဆိုင်ရာအာဏာပိုင်တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရေးပေါ်ဆောင်ရွက်နေကြရပါတယ်။










