Border News Agency
ကျောက်တော်၊စက်တင်ဘာ ၂၉။
အာရက္ခဒေသမှာ စက်တင်ဘာလ ၁ ရက်မှ ၂၈ ရက်နေ့ထိ အာဏာသိမ်းစစ်တပ်ကလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရွယ်ရည်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်လို့ အရပ်သားခြောက်ဆယ့်တဦးသေဆုံးခဲ့ပြီး ခုနှစ်ဆယ်သုံးဦးဒဏ်ရာရသွားခဲ့တာကို Border News Agency က ပြုစုထားတဲ့စာရင်းတွေကဖော်ပြပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ရှိအိန္ဒိယဈေးနဲ့ ဂစ္ဆပနဒီတံတားအနီးသို့ စက်တင်ဘာလ ၂၈ ရက်၊နေ့လည် ၁၂ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဈေးသည်တွေ၊စီးနင်းသွားလာနေသူတွေနဲ့ အပြစ်မဲ့အရပ်သားပြည်သူလေးဆယ်ကိုးဦးအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပြီး ငါးဆယ်ရှစ်ဦးထက်မနည်း ပြင်းထန်စွာထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတာပါ။
အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ကျောက်တော်၊သံတွဲ၊ကျိန္တလီ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ ဝီရဌာနီနဲ့ အဉ္ဇနပူရမြို့တွေကိုလည်း အာဏာသိမ်းစစ်တပ်ကလေကြောင်း၊ဒရုန်း၊လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။
အဲဒီအဉ္ဇနပူရ၊သံတွဲ၊ဂွနဲ့ကျိန္တလီမြို့နယ်တွေကိုလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီးကလေးနှစ်ဦးအပါအဝင်အရပ်သားတဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် စက်တင်ဘာလ ၁၁၊၁၃၊၁၇နဲ့ ၂၀ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီးတောင်ကုတ်မြို့နယ်၊ရွာသစ်ကေရွာကို စက်တင်ဘာလ ၁၁ရက်နေ့၊ညနေပိုင်းမှာလည်း စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံးပြီးတဦးဒဏ်ရာရသွားပါတယ်။
ရသေ့တောင်မြို့နယ်၊မိုးစဲကမ်းကိုလည်း စက်တင်ဘာလ ၂၀ ရက်နေ့ကအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သားအမိနှစ်ဦးသေဆုံးသွားပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရတဲ့အထဲအမျိုးသား၊အမျိုးသမီး၊ကလေးသူငယ်တွေ၊သက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေလည်းပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာရပ်ကွက်၊ကျေးရွာတွေကို အဓိကပစ်မှတ်ထားပြီး လေကြောင်းက ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနဲ့ တာဝန်ရှိသူတွေကို ထိရောက်စွာလက်တုံပြန်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ထုတ်ပြန်ပါတယ်။
စစ်တပ်က ခုလိုမျိုးစစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေကို စနစ်တကျတိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာအဆိုးဝါးဆုံး စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကထောက်ပြကြပါတယ်။
အဲဒီအပြင် စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေထိခိုက်သေဆုံးနေရမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ထုတ်ပြန်ချက် ထုတ်ရုံမျှမဟုတ်ဘဲ ထိရောက်တဲ့လက်တွေ့ကျ အရေးယူပိတ်ဆို့မှုတွေကိုအမြန်ဆုံးဆောင်ရွက်ပေးဖို့ကိုလည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အာရက္ခပြည်သူတွေကတိုက်တွန်းထားကြပါတယ်။








