Border News Agency
ချင်းရိုင်၊ စက်တင်ဘာ ၃ဝ။
ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင်နဲ့ ဖယောင်းခရိုင်နယ်စပ်မှာ တရားမဝင်လာတဲ့ မြန်မာလုပ်သားတဆယ့်သုံးဦးကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။
ဖန်မြို့နယ်၊လမ်းမကြီးပေါ်ရှိ ပူကိန်းစစ်ဆေးရေးဂိတ်မှာ ကားတစီးနဲ့တရားမဝင်လာတဲ့ အသက်လေးဆယ်ကိုးနှစ်အရွယ် အားဟူအမည်ရကားသမားနဲ့အတူ မြန်မာနိုင်ငံသားအမျိုးသားဆယ့်တဦးနဲ့ အမျိုးသမီးနှစ်ဦးကိုဖမ်းဆီးခဲ့တာပါ။
ဖယောင်းခရိုင်ဘက်ကိုမောင်းနှင်လာတဲ့ ချင်းရိုင်နံပါတ်ပါပစ်ကပ်ကားတစီးကိုရှာဖွေစစ်ဆေးခဲ့ပြီး ကားအတွင်းမှာမြန်မာနိုင်ငံသားတဆယ့်သုံးဦးကျပ်ညပ်စွာ လိုက်ပါလာတာကိုတွေ့ခဲ့တယ်လို့ ဖန်မြို့နယ်ရဲမှူးကြီးဝီချိုင်းကဆိုပါတယ်။
အဲဒီတရားမဝင် ဝင်ရောက်လာသူတွေကို မယ်ဆိုင်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးလယ်ကွင်းတခုကနေ တဦးဘတ်ငါးရာနှုန်းနဲ့ ခေါ်ဆောင်လာတာဖြစ်ပြီး သူ့ကို အမျိုးသားတဦးမှ LINE အပလီကေးရှင်းကတဆင့်ငှားရမ်းခဲ့တာလို့ ကားမောင်းလာသူကို ဟူကဝန်ခံခဲ့ပါတယ်။
အဲဒီယာဉ်မောင်းနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာဆယ့်သုံးဦးကိုအမှုဖွင့်ထားပြီး နယ်စပ်ပြန်လွှတ်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေဆီသို့ လွှဲပြောင်းထားပါတယ်။










