Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၂၉။
ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားဝန်းကျင်ကို စက်တင်ဘာလ ၂၈ ရက်၊ နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်မှာအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူအပြစ်မဲ့အရပ်သားပြည်သူ ငါးဆယ်ဦးအထိ ရှိလာပြီးခြောက်ဆယ်နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ကထုတ်ပြန်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ လမ်းသွားလမ်းလာတွေ၊ ဈေးရောင်းဈေးဝယ်တွေနဲ့ ကုန်တင်ကုန်ချ လုပ်သားတွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတာပါ။
အဲဒီသေဆုံးဒဏ်ရာရတဲ့အထဲအမျိုးသား၊အမျိုးသမီး၊ကလေးသူငယ်တွေ၊သက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေလည်းပါဝင်ပါတယ်။
စစ်မြေပြင်မှာ အဘက်ဘက်က အရေးနိမ့်စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေနဲ့ လူနေအဆောက်အအုံတွေကိုပစ်မှတ်ထားပြီး လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေကို ပိုမို လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာရပ်ကွက်၊ကျေးရွာတွေကို အဓိကပစ်မှတ်ထားပြီး လေကြောင်းကရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနဲ့ တာဝန်ရှိသူတွေကို ထိရောက်စွာလက်တုံပြန်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ထုတ်ပြန်ပါတယ်။






