Border News Agency
ကျောက်တော်၊စက်တင်ဘာ ၂၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ရှိ အိန္ဒိယဈေးကို စက်တင်ဘာလ၂၈ ရက်၊နေ့လည်ပိုင်းက အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားငါးဆယ်ဦးအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အပေါ် ယောကာကွယ်ရေးတပ် (YDF) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါင်ငါးရာဗုံးကြီးတွေအသုံးပြုကာ လူနေထူထပ်တဲ့အိန္ဒိယဈေးကို ရည်ရွယ်ချက်ရှိရှိရက်ရက်စက်စက်ဗုံးကြဲခဲ့တာဖြစ်ပြီး ဈေးရောင်းဈေးဝယ်ပြုလုပ်နေကြတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ ကလေးသူငယ်တွေအပါအဝင် ငါးဆယ်ဦးသေဆုံးကာ ခြောက်ဆယ်နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ခုလိုကြီးမားလှတဲ့ဆုံးရှုံးမှုတွေအတွက် ကျန်ရစ်သူမိသားစုဝင်တွေ၊ အာရက္ခပြည်သူတရပ်လုံးနဲ့အတူထပ်တူထပ်မျှ အလွန်အမင်းဝမ်းနည်းကြေကွဲရတယ်လို့ဆိုပါတယ်။
စစ်ရှုံးနေတဲ့အာဏာသိမ်းစစ်တပ်ဟာ ရှူးမဲမဲကာအပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် လူသားမဆန်စွာရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် အင်တိုက်အားတိုက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ယောကာကွယ်ရေးတပ် (YDF) ဗဟိုစစ်ရုံးချုပ်က ကတိသစ္စာပြုထားပါတယ်။








