Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၃၀။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံးသွားတဲ့အရပ်သားတွေထဲမှာ ကျား၊ မ မခွဲခြားနိုင်သူကိုး ဦးပါဝင်နေပါတယ်။
အိန္ဒိယဈေးနဲ့ကစ္ဆပနဒီတံတားအနီးကို စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ကပေါင်ငါးရာဗုံးနှစ်လုံးနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ဈေးသည်တွေ၊ ကုန်တင်ကုန်ချ လုပ်သားတွေနဲ့ လမ်းသွားလမ်းလာအရပ်သားပြည်သူငါးဆယ်ဦးသေဆုံးပြီး ငါးဆယ့်ရှစ် ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံးသွားတဲ့အရပ်သား ရုပ်အလောင်းတွေထဲက ကိုးဦးဟာ ခန္ဓာကိုယ်ပျက်စီးမှုပြင်းထန်တာကြောင့် ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ ကျား၊ မ မခွဲခြားနိုင်သေးဘဲ အာရက္ခတပ်တော် (AA) က ဆက်လက်စိစစ်နေဆဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး တာဝန်ရှိသူတွေကို ထိရောက်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
စစ်တပ်ကခုလိုမျိုးစစ်ရေးနဲ့ မသက်ဆိုင်တဲ့အရပ်သားပစ်မှတ်တွေကို စနစ်တကျတိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ အဆိုးဝါးဆုံးစစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။










