Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၃၀။
ကျောက်တော်မြို့ အိန္ဒိယဈေးကို စက်တင်ဘာလ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူငါးဆယ်ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အပါအဝင် အာရက္ခဒေသအတွင်း စစ်တပ်ရဲ့လေကြောင်းကနေ အရပ်သားတွေအပေါ် အစုအပြုံလိုက်သတ်ဖြတ်မှုတွေ အဆိုးရွားဆုံးမြင့်တက်လာနေတယ်လို့ ISP-Myanmar ရဲ့ သုတေသနအစီရင်ခံစာက ဆိုပါတယ်။
ရဲဝင်းဦးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက်ပိုင်း ပြီးခဲ့တဲ့ခြောက်လအတွင်း နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့အရပ်သားတရာတဆယ့်တဦးထက်မနည်းထဲမှာ တဆယ့်လေးဦးထက်မနည်းဟာ အာရက္ခဒေသတခုတည်းကဖြစ်တယ်လို့ ဖော်ပြထားတာပါ။
စစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေစုဝေးရာ ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကိုပါ တမင်တကာပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေရဲ့ ဘဝလုံခြုံရေးနဲ့ ကာကွယ်မှုရရှိနိုင်စွမ်းဟာ အဆိုးရွားဆုံးနိမ့်ကျနေတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ ရှုံးမဲမဲကာ လေကြောင်းကနေ အငြိုးတကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုနဲ့ အိုးအိမ်ဖျက်ဆီးခံရမှုတွေ မြင့်တက်လာနေသလို စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့မှတ်တမ်းတွေလည်း ပိုမိုများပြားလာနေပါတယ်။
တနိုင်ငံလုံး ပမာဏအနေနဲ့ကြည့်မယ်ဆိုရင် အာဏာသိမ်းမှုနောက်ပိုင်း ငါးနှစ်ကျော်ကာလအတွင်း ရန်ကုန်တိုင်းမှအပ နိုင်ငံတဝှမ်းမှာ အရပ်သားဆယ်ဦးနဲ့အထက်အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတရာ့တဆယ့်ငါးကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သားနှစ်ထောင်သုံးရာနှစ်ဆယ့်လေးဦးသေဆုံးခဲ့ရကာ အဲဒီသေဆုံးမှုတွေရဲ့ ခြောက်ဆယ့်ငါးရာခိုင်နှုန်းခန့်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။






