Border News Agency
တက္ကနက်ဖ်၊ဇွန် ၂၆။
မြန်မာနိုင်ငံဘက်ကနေ မှောင်ခိုသယ်ဆောင်လာတဲ့ တရားမဝင် ကာရန်ပိုက် မီတာ ၅ သိန်းနီးပါးကို တက္ကနက်ဖ်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဇွန်လ ၂၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ ပိုက်တွေဟာ ထိုင်းနိုင်ငံမှာ ထုတ်လုပ်ထားတဲ့ တရားမဝင် ပိုက်ကွန်အမျိုးအစားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တပ်ရင်း ၂ က ဦးဆောင်ပြီး နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းကာ တက္ကနက်ဖ်မြို့ လားမားဘဇာရှိ ဂိုဒေါင် ၄ ခုကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ တရားမဝင်ပိုက်တွေရဲ့ ကာလတန်ဖိုးဟာ ဘင်္ဂလားဒေ့ရှ်တာကာ ၂ ကုဋေခွဲနီးပါးခန့် ရှိပြီး ပိုက်တွေဟာ ရေနေသတ္တဝါမျိုးစုံနဲ့ ငါးသယံဇာတတွေကို ပြုန်းတီးပျက်စီးစေနိုင်တာကြောင့် ဒေသတွင်းမှာ အသုံးပြုခွင့် ပိတ်ပင်ထားတာလို့ဆိုပါတယ်။
အဲဒီ ဖမ်းဆီးရမိထားတဲ့ တရားမဝင် ကာရန်ပိုက်တွေကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ရှေ့မှောက်မှာပဲ မီးရှို့ဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။
























