Border News Agency
ပလက်ဝ၊ အောက်တိုဘာ ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်မှာ ငှက်ဖျားရောဂါကြောင့် ကလေးငယ်တဦးသေဆုံးသွားခဲ့တယ်လို့ ပလက်ဝဒေသခံတွေက ဆိုကြပါတယ်။
အဲဒီပလက်ဝမြို့နယ်၊ ကျေးတောကျေးရွာက အသက်လေးနှစ်ကျော်အရွယ် မနှယ်မှန်းသေဆုံးသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
မနှယ်မှန်းဟာ ငှက်ဖျားရောဂါဖြစ်ပွားနေလို့ အောက်တိုဘာလ ၁၆ ရက်နေ့က ဆေးခန်းသို့ အရေးပေါ်ပို့ဆောင်ချိန် လမ်းမှာသေဆုံးသွားခဲ့တယ်လို့ မိသားစုတွေက ဆိုကြပါတယ်။
“ကလေးက ငှက်ဖျားဖြစ်နေတာကြာတော့ကြာပြီ။ တောဆေးတွေနဲ့ကုပေမယ့် မသက်သာလို့ဆေးခန်းပို့ရင်း လမ်းမှာဆုံးသွားတာပါ။”လို့ မိသားစုဝင်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီမနှယ်မှန်းမှာ အောက်တိုဘာလပထမအပတ်က ရာသီအကူးအပြောင်းကြောင့် ငှက်ဖျားရောဂါဖြစ်ပွားနေတာလို့ ဆိုပါတယ်။
ပလက်ဝမြို့နယ်နဲ့ မင်းတပ်မြို့နယ်ကြားက ကျေးရွာတွေမှာလည်း ရာသီအကူးအပြောင်းကြောင့် ငှက်ဖျားရောဂါတွေပြန်ဖြစ်ပွားနေတာမို့ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ကျေးရွာတွေမှာ ဖျားနာနေသူတွေများပြားနေပြီး ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေ ပိုများနေတယ်လို့လည်း ဆိုကြပါတယ်။
ပလက်ဝမြို့နယ်မှာ စက်တင်ဘာလ ပထမအပတ်ခန့်ကလည်း သွေးလွန်တုပ်ကွေးရောဂါကြောင့် မောင်ရွာနဲ့ဗုဒ္ဓဂါမကျေးရွာတွေက ကလေးငယ်တွေအပါအဝင် လေးဦးသေဆုံးသွားခဲ့ပါတယ်။
အဲဒီပလက်ဝမြို့နယ်ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် ဒေသခံအများစု နေရပ်စွန့်ခွာရှောင်တိမ်းနေကြပြီး စားဝတ်နေရေးအပြင် အဘက်ဘက်ကခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။
ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကလည်း သွေးလွန်တုပ်ကွေးရောဂါအပြင် ငှက်ဖျားရောဂါ၊ ဝမ်းလျောဝမ်းပျက်ရောဂါတွေကြောင့် သေဆုံးသူတွေရှိခဲ့တယ်လို့
လည်း ဆိုကြပါတယ်။
အဲဒီအပြင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလို့ ပြီးခဲ့တဲ့ဇွန်လကလည် တနှစ်အောက်အရွယ်ကလေးငယ်နှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။






