Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အလင်းမိန်ခံရခြင်း

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၂၆။

“တာလီဘန်တွေဟာ သူတို့ရဲ့သေနတ်နဲ့ စည်းကမ်းတွေသုံးပြီး အာဖဂန်အမျိုးသမီးတွေရဲ့ စိတ်ဝိညာဉ်ကိုချိုးဖျက်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံး တိတ်ဆိတ်ငြိမ်းသက်သွားကြမယ်တဲ့လား။ ကျွန်မတို့ရဲ့တွန်းလှန်မှုက ရပ်တန့်နေမှာမဟုတ်ပါဘူး။”လို့ ဟာဇာရာအမျိုးသမီးသတင်းထောက်ဇာရာဂျိူယာက ပြောပါတယ်။

သူမဟာ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့က ဂါဒီးယားသတင်းစာနဲ့ အင်တာဗျူးမှာပြောခဲ့တာပါ။

“အမျိုးသမီးသတင်းထောက်တွေဆိုတာ ဓားစာခံတွေမဟုတ်ပါဘူး။ သူတို့တွေဟာ ကျပ်တည်းလွန်းတဲ့သတင်းတင်ဆက်မှုနယ်ပယ်မှာ သတ္တိနဲ့ခံနိုင်ရည်ကိုစွဲကိုင်ပြီး အလုပ်လုပ်နေကြတဲ့ သူရဲ
ကောင်းတွေပါ။”လို့ အာဖဂန်အမျိုးသမီးသတင်းထောက်ဝါဟိဒါဖိုင်ဇီက ဆိုပါတယ်။

သူမဟာ ၂၀၂၄ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ကုလသမဂ္ဂ ECOSOC ရဲ့ အမျိုးသမီးဆိုင်ရာကော်မရှင် ၆၈ ကြိမ်မြောက် အစည်းအဝေးမှာပြောခဲ့တာပါ။

အဲဒီစကားတွေဟာ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေရဲ့လက်ရှိဖိနှိပ်မှုတွေအောက်က အသံတိုးတိတ်နေကြရတဲ့ အာဖဂန်အမျိုးသမီးအားလုံးကို ကိုယ်စားပြုပါတယ်။

အဲဒီအပြင် အမျိုးသမီးတွေအပေါ် မျက်ကွယ်ပြုထားတဲ့၊ အသုံးချခံဒုတိယတန်းစား လူသားမျိုးစိတ်တခုအဖြစ်သာ မြင်ထားကြတဲ့၊ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေကြတဲ့ ပတ်ဝန်းကျင်ထဲက အမျိုးသမီးတွေရဲ့ အသံတွေကိုလည်း ကိုယ်စားပြုနိုင်ပါတယ်။

ကမ္ဘာ့နေရာဒေသတချို့မှာ အမျိုးသမီးတွေကို ဖယ်ထုတ်ထားကြတဲ့ ယဥ်ကျေးမှုအလေ့အထတွေဟာ လက်ရှိအချိန်ထိရှိနေကြဆဲပါ။

အဲဒီလိုဖယ်ထုတ်ဖိနှပ်ခံနေကြရတဲ့ အခြေအနေတွေထဲမှာ အမျိုးသမီးတွေဟာ ကျား/မ တန်းတူရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြရဆဲပါ။

စစ်ပွဲတွေဟာ လူ့အခွင့်အရေးအပေါ် မျက်ကွယ်ပြုထားကြတဲ့ အခြေအနေအောက်မှာ အမျိုးသမီးတွေဟာ ထိခိုက်လွယ်တဲ့အုပ်စုတွေထဲမှာပါပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ကျပ်တည်းဖိနှိပ်ခံနေကြရတဲ့ ပတ်ဝန်းကျင်ဟာ အမျိုးသမီးတွေအတွက် ထိတ်လန့်မှု၊ မလုံခြုံမှု၊ စိုးရိမ်စိတ်နဲ့စိတ်ဒဏ်ရာတွေကို ဖြစ်စေပါတယ်။

အာရက္ခဒေသဟာ လူမှုစီးပွားအခက်အခဲတွေ၊ ဆင်းရဲကျပ်တည်းမှုတွေအောက်မှာ အမျိုးသမီးတွေ အသံတိတ်ဆိတ်နေကြရဆဲပါ။

“သာမန်အမျိုးသမီးတယောက်အဖို့ ကိုယ့်နဲ့ကိုယ့်ပတ်ဝန်းကျင်ရဲ့အခက်အခဲဖိစီးမှုတွေနဲ့ပတ်သက်လို့ တန်ပြန်ရင်ဆိုင်ရပ်တည်နိုင်တဲ့ အခင်းအကျင်းတွေဟာ အာရက္ခလူမှုအဆောက်အအုံထဲမှာ ဖြစ်လာနိုင်စရာဝေးနေပါသေးတယ်။”

အဲဒီလိုအနေအထားမျိုးမှာ ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်း ဩဇာအာဏာနဲ့ ချိတ်ဆက်နေကြသူတွေကြောင့် ဖြစ်လာတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကျပ်တည်းဖိစီးမှုတွေကို တွန်းလှန်ဖို့ဆိုတာလည်း အမျိုးသမီးတဦးအတွက် ပိုလို့ခက်ခဲပါလိမ့်မယ်။

အမျိုးသမီးတဦးဟာ ကိုယ့်ကိုယ်တိုင်၊ ကိုယ့်မိသားစုဆွေမျိုး(သို့မဟုတ်) ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်အပေါ် ရိုက်ခတ်ခံရတဲ့အခက်အခဲတွေ ဖိစိးမှုတွေနဲ့ပတ်သက်ပြီး ကိုယ်စိတ်နှစ်ပါးတွန်းလှန်မှုတွေ ရှိလာရင် အသိအမှတ်ပြုပေးဖို့ခက်နေကြဆဲပါ။

အယောင်ပြကျား၊ မတန်းတူညီမျှမှု

အာဏာရှင်စနစ်ကိုမကြိုက်လို့၊ လူသားအချင်းချင်းဖိနှိပ်တာကိုမကြိုက်လို့ တွန်းလှန်နေကြပါတယ်ဆိုတဲ့ လူ့ပတ်ဝန်းကျင်ထဲမှာ အမျိုးသမီးတွေကို ဖိနှိပ်တဲ့အလေ့အထရှိနေကြတုန်းပါပဲ။

အမျိုးသမီးတဦးဟာ ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်း ဩဇာအာဏာနဲ့ချိတ်ဆက်နေကြသူတွေကြောင့်ဖြစ်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရမှု
တွေ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ဖော်ပြဖို့ကြိုးစားလာတတ်ကြပါတယ်။

အဲဒီလိုဖော်ပြမှုကြောင့် လူ့ပတ်ဝန်းကျင်ရဲ့အခက်အခဲကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမယ့်လို့လည်း ယုံကြည်လာတတ်ကြပါတယ်။

အဲဒီလိုအာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ လူ့ပတ်ဝန်းကျင်ကိုယ်တိုင်ကပဲ ဘယ်လိုပဲတန်းတူညီမျှမှုကို ရွတ်ပြနေပါစေ…လူ့ပတ်ဝန်းကျင်ရဲ့ခက်ခဲမှုတွေကို ဖော်ထုတ်တောင်းဆိုလာတဲ့ အမျိုး သမီးတွေကို ချနင်းချေဖျက်ဖို့ကြိုးစားတတ်ကြတဲ့ အလေ့အထမျိုးရှိနေတတ်ကြတယ်ဆိုတာကို လူသားသမိုင်းအဆက်ဆက်က သက်သေပြထားပါတယ်။

တော်လှန်ရေးကတော်လှန်ရေးကို ပြန်သတ်ဖြတ်မှု သို့မဟုတ် အိုလမ်(ဖ်)ဒီဂူရှ်စ်

လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာသုံးဆယ်ကျော်ခန့်က သက္ကရာဇ် ၁၇၉၀ ခန့်မှာ ပြင်သစ်တော်လှန်ရေးစတင်နေပါပြီ။

ဆင်းရဲငတ်ပြတ်နေကြတဲ့ ပြင်သစ်လူထုကိုစာနာမှုကင်းစွာ ဖိနှိပ်ကြမ်းကြုတ်နေတဲ့ ဘုရင်လူဝီ ၁၆ ကိုလည်း ခေါင်းဖြတ်သတ်လိုက်ကြပါပြီ။

ဘုရင်လူဝီ ၁၆ ခေါင်းဖြတ်သတ်ခံရတဲ့ ၁၉၇၃ ခုနှစ်ဟာ မြန်မာလူ့ဘောင်မှာ တော်ဘိုးတော်မောင်ဝိုင်းအုပ်ချုပ်နေတဲ့အချိန်ပါ။

အာရက္ခဒေသမှာတော့ နောက်ဆုံးဘုရင်မဟာသမ္မတရာဇာ ဖမ်းဆီးခံရပြီးဆယ့်တလကြာကာလပါ။

အဲဒီအချိန်ကာလမှာ ပြင်သစ်လူ့အဖွဲ့အစည်းဟာ သမိုင်းအချိုးအကွေ့တခုကို ဖြတ်သန်းနေပါပြီ။

၁၉၇၃ ခုနှစ်မတိုင်ခင်ကပင် အုပ်ချုပ်သူလူတန်းစားရဲ့ ရက်စက်ဖိနှိပ်မှုတွေကို ပြန်လည်တွန်းကန်ဖို့ အရှိန်ပြန်ယူနေပါပြီ။

အုပ်ချုပ်သူဘုရင်နဲ့မူးမ​တ်တွေရဲ့ လုပ်ပိုင်ခွင့်ကိုကန့်သတ်ပြီး ပြည်သူလူထုရဲ့ အာဏာကိုဗဟိုပြုတဲ့ လူမှုပဋိညာဉ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအယူအဆဟာ ပြင်သစ်လူ့အဖွဲ့အစည်းထဲမှာ အားကောင်းနေပါပြီ။

အပြောင်းအလဲကို လိုလားတဲ့ဥပဒေပြုအမတ်တချို့နဲ့ ပညာတတ်​တွေ၊ လူလတ်တန်းစားတွေက “Society of the Friends of the Constitution” (ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့မိတ်ဆွေတွေ အသ င်း)ကို တည်ထောင်ပါတယ်။

အဲဒီအသင်းကို Jacobin Club (ဂျေကိုဘင်ကလပ်)လို့ လူသိများပါတယ်။

ဂျေကိုဘင်ကလပ်ရဲ့ မူလရည်ရွယ်ချက်က အုပ်ချုပ်သူလူတန်းစားကို လူမှုပဋိညာဉ်နဲ့ ကန့်သတ်ထားဖို့ပါ။

ဒါပေမယ့် အုပ်ချုပ်သူလူတန်းစားတွေက ပြည်သူလူထုကို ဂုတ်သွေးစုတ်နေမှုတွေ ဆက်လက်ရှိနေပါတယ်။

ဂျေကိုဘင်ကလပ်ကိုလည်း အလုပ်သမား၊ လယ်သမားအောက်ခြေလူထုကပါ ထောက်ခံလာပါတယ်။

ဂျေကိုဘင်ကလပ်နောက်ပိုင်းမှာတော့ ဘုရင်စနစ်ကို အပြီးပိုင်ဖျက်သိမ်းပြီး အားလုံးတန်းတူညီမျှရှိတဲ့ သမ္မတနိုင်ငံတည်ထောင်ဖို့ ရည်ရွယ်ချက်အဖြစ်ထားလာပါတယ်။

ဂျေကိုဘင်ကလပ်ထဲမှာ အတွေးအခေါ်အုပ်စုနှစ်ခုကွဲလာပါတယ်။ မွန်တာညာ ( Montagnards)နဲ့ ဂျီရွန်ဒန် (Girondins) ဆိုပြီးပါ။

အဲဒီအုပ်စုနှစ်ခုစလုံးက တန်းတူညီမျှရှိတဲ့ သမ္မတနိုင်ငံတည်ထောင်ဖို့ကို လက်ခံကြပါတယ်။

သူတို့ကွဲပြားချက်က မွန်တာညာတွေက လယ်သမား၊ အလုပ်သမားနဲ့ဆင်းရဲသားတွေ ပါဝင်မှုပိုများပါတယ်။

ဂျီရွှန်ဒန်တွေက ပညာတတ်တွေနဲ့လူလတ်တန်းစားတွေ များပါတယ်။

တန်းတူညီ​​မျှတဲ့သမ္မတနိုင်ငံ​ကို မွန်တာညာတွေက ဗဟိုချုပ်ကိုင်မှုပိုရှိတဲ့ အစိုးရအဖွဲ့ပုံစံနဲ့သွားလိုပါတယ်။

ဂျီရွန်ဒန်တွေက ဒေသန္တရအာဏာခွဲဝေမှုတွေနဲ့ သွားလိုပါတယ်။ မွန်တာညာတွေက လူမှုရေး၊ စီးပွားရေးနဲ့စျေးကွက်မှာ အစိုးရကတင်းတင်းကြပ်ကြပ်ကိုင်တွယ် ထိန်းကျောင်းဖို့ကိုလိုလားပါတယ်။

ဂျီရွန်ဒန်တွေက မွန်တာညာတွေရဲ့ ကုန်ပစ္စည်းတွေကို အတင်းအကျပ်စျေးနှုန်းသတ်မှတ်တာမျိုးနဲ့ စျေးကွက်ကို ထိန်းချုပ်တာမျိုးကိုမလိုလားဘဲ စျေးကွက်ကို လွတ်လပ်စေချင်ကြပါတယ်။

နိုင်ငံရေးပိုင်းမှာ မွန်တာညာတွေက အလုပ်ဖြစ်ရင်ရပြီဆိုတဲ့ ပုံစံမျိုးနဲ့သွားပါတယ်။

ဂျီရွန်ဒန်တွေက စည်းမျဉ်းစည်းကမ်းတွေနဲ့ ချဉ်းကပ်လိုပါတယ်။

အဲဒီအချိန်ကာလတုန်းက ပြင်သစ်လူ့အဖွဲ့အစည်းရဲ့အောက်ခြေလူတန်းစားဟာ အုပ်ချုပ်သူလူတန်းစားရဲ့ ကမ်းကုန်အောင်ရက်စက်မှုကို ငရဲလိုခံစားနေရပါတယ်။

အဲဒါကြောင့် အောက်ခြေလူတန်းစားရဲ့ခံပြင်းမှုဟာ များပြားသိပ်သည်းနေပါတယ်။

ပြင်သစ်ပညာတတ်အလွှာနဲ့ လူလတ်တန်းစားအလွှာမှာ တန်းတူညီမျှရေးနဲ့ လူမှုပဋိညာဉ်အယူအဆအားကောင်းနေပါတယ်။

ဂျီရွန်ဒန်တွေက စံနှုန်း၊ တန်ဖိုး၊ ကျင့်ဝတ်တွေကို ပြောနေပေမယ့် စကားလုံးတွေဟာ မွန်တာညာတွေအတွက် အာရုံနှောက်စရာတွေ၊ ခေါင်းရှုပ်စရာတွေသာ ဖြစ်နေပါတယ်။

အဓိကကွာခြားချက်က မွန်တာညာတွေက တန်းတူညီမျှမှုရှိတဲ့ စံပြလူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ဆိုရင်”အကြမ်းဖက်မှုဟာ လိုအပ်ချက်(The Necessity of Terror)”လို့ ခံယူကြပါတယ်။

ပြင်သစ်တော်လှန်ရေးကို ဆန့်ကျင်သူတွေနဲ့ ပြင်သစ်ရဲ့ပြည်တွင်း၊ ပြည်ပရန်သူတွေကို ရင်ဆိုင်ရာမှာ ပြင်းထန်တဲ့အပြစ်ပေးအရေးယူမှုတွေနဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေ (The Reign of Terror) လိုအပ်တယ်လို့ မွန်တာညာတွေက ခံယူပါတယ်။

ဂျီရွန်ဒန်တွေက တန်းတူညီမျှမှုရှိတဲ့ စံပြလူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ဆိုရင် ဥပဒေရေးရာခိုင်မာမှုနဲ့ စနစ်တကျပြုပြင်ပြောင်းလဲရေး (Rule of Law and Order)ကို တည်ဆောက်ရမယ်လို့ ခံယူကြပါတယ်။

အဲဒါဟာ လူ့အဖွဲ့အစည်းနဲ့နိုင်ငံတော်ကို ကယ်တင်ဖို့နဲ့ကောင်းမြတ်တဲ့သီလ (Virtue)ပေါ် အခြေခံစံပြသမ္မတနိုင်ငံထူထောင်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက်ကိုချဉ်းကပ်ရာမှာ မွန်တာညာနဲ့ဂျီရွန်ဒန်ရဲ့ ကွဲပြားတဲ့ရှူမြင်ချက်ဖြစ်ပါတယ်။

အဓိက အနက်ရှိုင်းဆုံးအငြင်းအခုံက ပြင်သစ်တော်လှန်ရေးရဲ့ အဓိပ္ပါယ်ကဘာလဲနဲ့ ပြင်သစ်တော်လှန်ရေးကို ဆန့်ကျင့်မှုဆိုတဲ့ သတ်မှတ်ချက်အဓိပ္ပါယ်က ဘာလဲဆိုတဲ့မွန်တာညာတွေအပေါ် ဂျီရွန်ဒန်တွေက မေးခွန်းထုတ်မှုပါပဲ။

အဲဒီအဓိပ္ပါယ်ဖွင့်မှုတွေကို မွန်တာညာတွေရဲ့အလုပ်ဖြစ်ရင်ပြီးပြီဆိုတဲ့ တော်လှန်ရေးအပေါ် ချဉ်းကပ်မှုနဲ့ စိတ်ခံစားချက်အဓိပ္ပါယ်ဖွင့်မှာကို ဂျီရွန်ဒန်တွေက မလိုလားကြပါဘူး။

ပြည်သူလူထုအပေါ် ရက်စက်မှုနဲ့အကြောက်တရားဟာ တော်လှန်ရေးရဲ့လိုအပ်ချက်ဖြစ်တယ်လို့ ခံယူထားကြတဲ့မွန်တာညာတွေက သူတို့စိတ်မှာမကြည်တဲ့သူတွေကို မထင်ရင်မထင်သလို အပြစ်ပေးအကြောက်တရားရိုက်သွင်းခွင့်ရကြတဲ့ အခင်းအကျင်းမျိုးကို ဂျီရွန်ဒါတွေက မလိုလားကြပါဘူး။

အဲဒါကြောင့်လည်း မွန်တာညာတွေဖွဲ့စည်းလာမယ့် ပြည်သူ့တော်လှန်ရေးတရားရုံး(Revolutionary Tribunal)ဖွဲ့စည်းမှုနဲ့ ပြည်သူ့ဘေးကင်းရေးကော်မတီ(Committee of Public Safety) ကို ဆန့်ကျင်ကြပါတယ်။

ဂျီရွန်ဒါတွေတွေးခဲ့အတိုင်းပါပဲ။ မွန်တာညာတွေဟာတော်လှန်ရေးကို ဆန့်ကျင်သူလို့သံသယရှိသူတိုင်းကို ဥပဒေမဲ့လိုက်လံဖမ်းဆီးကွပ်မျက်ခဲ့တဲ့အချိန်ကာလ(The Reign of Terror)ကို စတင်ပါတော့တယ်။

အဲဒီတော်လှန်ရေးကို ဆန့်ကျင်သူဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ပါသလဲ။ ဘယ်လိုမှ ထွေထွေထူးထူးဖွင့်မနေပါဘူး။ အုပ်ချုပ်သူမူးမတ်ဟောင်းတွေဟာ သစ္စာဖောက်ဖြစ်ကြပါတယ်။

အဲဒါကြောင့် မူးမတ်ဆွေမျိုးသားချင်းနဲ့ သူ့အသိုင်းအဝန်းဟာလည်း သစ္စာဖောက်ဖြစ်တယ်ဆိုပြီး အပြစ်လုပ်သူကိုရောဘာအပြစ်မှမရှိသူကိုလည်း အကုန်ခေါင်းဖြတ်စက်ထဲကို ပို့ပါတော့တယ်။

အဲဒီမူးမတ်တွေနဲ့အသိုင်းအဝိုင်းတွေကို ခေါင်းဖြတ်ကွပ်မျက်တာကို စိတ်မကောင်းမဖြစ်ကြရပါဘူး။

အဲဒီလိုစိတ်မကောင်းဖြစ်ရင် သူ့ကိုလည်းခေါင်းဖြတ်ပါတယ်။

ပြင်သစ်နိုင်ငံကို မစွန့်ခွာရ၊ စွန့်ခွာသူတွေကို ခေါင်းဖြတ်သတ်ပါတယ်။

မူးမတ်တွေရဲ့လယ်ယာထဲမှာ ကုန်းရုန်းပြီးအလုပ်လုပ်နေခဲ့ကြရတဲ့ ဆင်းရဲသားတွေကိုလည်း မူးမတ်တွေကို အလုပ်အကျွေးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ခေါင်းဖြတ်သတ်ကြပါတယ်။

သမ္မတနိုင်ငံအတွက် အလုပ်လုပ်နေကြတဲ့ သူတို့လုပ်ရပ်ကို ဝေမဖန်နဲ့ဝေဖန်ရင် ခေါင်းဖြတ်သတ်မယ်ဆိုတဲ့ထိဖြစ်လာပါတယ်။

အဲဒီလိုနဲ့ သူတို့ကိုဝေဖန်နေကြတဲ့ ဂျီရွန်ဒါတွေကိုလည်း ခေါင်းဖြတ်သတ်ကြပါတော့တယ်။

အိုလမ်(ဖ်)ဒီဂူရှ်စ်ဟာ ပြင်သစ်တော်လှန်ရေးကာလမှာ ပေါ်ထွက်လာတဲ့ နိုင်ငံရေးအတွေးအခေါ် ပညာရှင်အမျိုးသမီးပါ။

ပြင်သစ်ဘာသာစကားအရ အမျိုးသမီးနိုင်ငံသား”Citoyenne” ဆိုတဲ့ စကားလုံးကို သူမဟာတောက်လျှောက် အသုံးပြုခဲ့ပါတယ်။

သူမခံယူချက်က ပြင်သစ်တော်လှန်ရေးအခြေခံမူတွေကို ယုံကြည်ပါတယ်။ လွတ်လပ်မှု (Liberty)၊ တန်းတူညီမျှမှု(Equality)နဲ့ ညီရင်းအစ်ကိုသဖွယ်ပေါင်းစည်းမှု(Fraternity)ဟာ ပြင်သစ် တော်လှန်ရေးရဲ့အနှစ်သာရဖြစ်ပါတယ်။

အဲဒီအနှစ်သာရကို အမျိုးသားတွေအတွက်သာမက အမျိုးသမီးတွေအပါအဝင် လူသားအားလုံးအတွက် အပြည့်အဝအသုံးချသင့်တယ်လို့ သူမယုံကြည်ပါတယ်။

လူအချင်းချင်းအတူတူ အသားအရောင်မခွဲခြားသင့်ဘဲ ကျွန်စနစ်ကို ဖျက်သိမ်းဖို့ကိုလည်း သူမတောင်းဆိုပါတယ်။

ပြင်သစ်လူ့အဖွဲ့အစည်းရဲ့လူမှုရေး၊ စီးပွားရေးချို့ယွင်းချက်တွေကို ပြုပြင်ပြောင်းလဲဖို့ သူမတောင်းဆိုပါတယ်။

ပြင်သစ်လူ့အဖွဲ့အစည်းဟာ ဆင်းရဲနွမ်းပါးသူတွေကို ကူညီထောက်ပံဖို့၊ မိခင်တွေ၊ လင်မယားကွာရှင်းပြတ်စဲမှုကြောင့် အခက်အခဲကြုံနေကြရတဲ့အမျိုးသမီးတွေကို ကူညီထောက်ပံ့မှုတွေပေးကြတဲ့ ခေတ်သစ်လူ့အဖွဲ့အစည်းဖြစ်သင့်တယ်လို့ မြင်ပါတယ်။

အဲဒါကြောင့် သူမက…

“-အိမ်ထောင်ပြုခြင်းဆိုင်ရာဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့။

-တရားမဝင် မွေးဖွားလာတဲ့ကလေးသူငယ်တွေအတွက် တန်းတူအခွင့်အရေးပေးဖို့။

-အလုပ်လက်မဲ့တွေအတွက် နိုင်ငံတော်ကအလုပ်ရုံတွေကို ဖွင့်လှစ်ပေးဖို့။” စတာတွေကို တောင်းဆိုပါတယ်။

၁၇၉၁ ခုနှစ်မှာ အမျိုးသမီးနဲ့ အမျိုးသမီးနိုင်ငံသူတွေရဲ့ အခွင့်အရေးကြေညာ စာတမ်း”Declaration of the Rights of Woman and of the Female Citizen” ကို သူမရေးသားထုတ်​​ဝေခဲ့ပါတယ်။

အားနည်းသူတွေဘက်က အမြဲတန်းရပ်တည်တတ်တဲ့သူမရဲ့ဗီဇက ပြင်သစ်အာဏာကိုယူထားတဲ့ မွန်တာညာတွေနဲ့ထိပ်တိုက်တွေ့လာပါတယ်။

မွန်တာညာတွေရဲ့(The Reign of Terror)ဖြစ်စဉ်ကြီးပေါ်လာပြီး မထင်ရင်မထင်သလို စွပ်စွဲပြီးခေါင်းဖြတ်စက်ထဲပို့ခံနေကြရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ဘာအပြစ်မှမလုပ်ထားတဲ့ မူးမတ်မျိုးရိုးတွေအတွက် မွန်တာညာတွေကို ဆန့်ကျင်ပါတော့တယ်။

သူမဟာ ဓား၊ လှံ၊ လက်နက်နဲ့ ဆန့်ကျင်ခဲ့တာမဟုတ်ပါဘူး။ သူမရဲ့ လက်နက်ကအတွေးအခေါ်၊ နှလုံးသားနဲ့ ကလောင်တံပဲ ဖြစ်ပါတယ်။

စင်မြင့်နဲ့ကွပ်မျက်စင် (Scaffold and Tribune)

သူမရဲ့အတွေးအမြင်အပေါ် သရော်ကြတဲ့အခါ သူမပြန်ပြောခဲ့တဲ့စကားကမ္ဘာကျော်ခဲ့ပါတယ်။

“တော်လှန်ရေးကိုကယ်တင်ဖို့၊ လူ့အဖွဲ့အစည်းတရပ်နဲ့ နိုင်ငံတော်ကို ကယ်တင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ အမျိုးသမီးဖြစ်နေပါစေ သူမကို ကွပ်မျက်စင် (scaffold)ပေါ်သို့ ပို့သင့်ရင် ပို့ရမယ်ဆိုရင်၊ အဲဒီ အကြောင်းပြချက်ထဲမှာ ကွပ်မျက်စင်ပေါ်အပို့ခံရတဲ့ အမျိုးသမီးမှာလည်း မိန့်ခွန်းပြောစင် (speaker’s platform)ပေါ် တက်ရောက်ဖို့အခွင့်အရေးဟာလည်း အာမခံချက်အနေနဲ့ ပါသင့်တယ်။” လို့ ဆိုပါတယ်။

မွန်တာညာတွေဟာ သူမကို ​ခေါင်းဖြတ်စက်ဆီ ပို့ခဲ့ပါတယ်။

သူတို့ကတော့ တော်လှန်ရေးကိုသစ္စာဖောက်တဲ့ စုန်းမတကောင်ကို ရှင်းပစ်တာလို့ အကြောင်းပြကြပါတယ်။

ပြင်သစ်ရဲ့ဆိုးဝါးတဲ့ဘုရင်ကို တော်လှန်တဲ့တော်လှန်ရေးသမားတွေက သူမကို သတ်ပစ်ခဲ့ကြပါတယ်။

ရက်စက်မှုနဲ့အကြောက်တရားကို ခုံမင်တဲ့တော်လှန်ရေးက နူးညံသိမ်မွေ့တဲ့တော်လှန်ရေးကို သတ်ဖြတ်ပစ်လိုက်ကြပါတယ်။

အဲဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကျော်က ဖြစ်ပျက်ခဲ့တဲ့သမိုင်းပါ။

ခေတ်သစ်ပြင်သစ်သမိုင်းမှာတော့ အိုလမ်(ဖ်)ဒီဂူရှ်စ် (Olympe de Gouges) ကို ပြင်သစ်လူ့အဖွဲ့အစည်းက အမြတ်တနိုးထားခံနေကြရဆဲပါ။

သူမပုံကို “ဖြတ်တောက်ထားသောဆံပင်နဲ့ လည်ပင်းရှည် (Symbolic Hair and Neck)”အဖြစ်လည်း ပုံဖော်ကြပါတယ်။

ဆံပင်ကို တဖက်မှာရှည်လျားပေါ့ပါးစွာထားပြီး ကွပ်မျက်စင်ကြောင့်​ပြတ်ကျသွားတဲ့ လည်ပင်းဘေးဘက်ကဆံပင်ကို ဖြတ်တောက်ထားတဲ့ပုံစံနဲ့ သူမရုပ်ပုံကို အနုပညာလက်ရာဘက်က ဖန်တီးကြပါတယ်။

အာဖဂန်မှာ တာလီဘန်တွေကတော့ အ မျိုးသမီးတွေရဲ့အခွင့်အရေးတွေ၊ အသံတွေဖော်ပြခွင့်ရှိတဲ့ လူမှုပတ်ဝန်းကျင်ကို လက်ရှိလုံးဝအမှောင်အတိချထားလိုက်ပါပြီ။

အာရက္ခဒေသမှာလည်း လက်ရှိအခက်အခဲတွေကြားထဲမှာ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးအခွင့်အရေးတွေ၊ ကိုယ်စိတ်နှစ်ပါးထိခိုက်ခံစားရမှု အသံတွေတိုးတိတ်နေကြရပါပြီ။

ပြင်သစ်က မွန်တာညာတွေတွေးခဲ့သလို တွေးနေကြတဲ့သူတွေကတော့ အမျိုးသမီးရယ်မှ မဟုတ်ပါဘူး။ တခြားဘယ်သူမဆို အသံထွက်လာမှာကိုလိုလားကြမှာ မဟုတ်ကြပါဘူး။

အဲဒီလိုအနေအထားမျိုးမှာ အာရက္ခဒေသက အမျိုးသမီးတွေရဲ့အသံတွေ ဖော်ထုတ်ခွင့်အတွက်တော့ အမှောင်ချထားခံရတာမျိုးမဟုတ်ပေမယ့် အလင်းရောင်ကတော့ အင်မတန်မှမိန်ဖျော့ဆုတ် ယုတ်နေကြဆဲပါ။

အိုလမ်(ဖ်)ဒီဂူရှ်စ် (Olympe de Gouges)

https://en.wikipedia.org/wiki/Olympe_de_Gouges

အာဖဂန်ကိုးကားလင့်

https://www.theguardian.com/society/2021/sep/22/zahra-joya-the-afghan-reporter-who-fled-the-taliban-and-kept-telling-the-truth-about-women
https://www.unesco.org/en/articles/women-journalists-are-not-victims-we-are-heroes-affirm-afghan-women-journalists-commission-status
PrevPreviousကျားဖြန့်လုပ်ငန်းနဲ့ သက်ဆိုင်မှုမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံးထုတ်ပြန်
Nextပုဏ္ဏားကျွန်းမြို့နယ်မှာ ဒရုန်းဗုံးကြဲခံရလို့ ပရဟိတလူငယ်တဦးသေဆုံးNext
Previous Post

ကျားဖြန့်လုပ်ငန်းနဲ့ သက်ဆိုင်မှုမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံးထုတ်ပြန်

Next Post

ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒရုန်းဗုံးကြဲခံရလို့ ပရဟိတလူငယ်တဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

March 4, 2026

အီရန် ရေနံသိုလှောင်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 4, 2026

စစ်ကော်မရှင်ရဲ့​လွတ်ငြိမ်းခွင့်မှာ အမည်ပါပေမယ့်မလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေ

March 4, 2026
ဓာတ်ပုံ - BNA

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

March 3, 2026

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

အီရန် ရေနံသိုလှောင်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

စစ်ကော်မရှင်ရဲ့​လွတ်ငြိမ်းခွင့်မှာ အမည်ပါပေမယ့်မလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေ

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

နိုင်ငံရေးအကျဉ်းသားသုံးထောင်ကျော်သာလွတ်

အမေရိကန်လေသူရဲတွေရဲ့ အသက်ကယ်အရေးပေါ်စာလွှာ

Releated Post

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

March 4, 2026

အီရန် ရေနံသိုလှောင်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 4, 2026

စစ်ကော်မရှင်ရဲ့​လွတ်ငြိမ်းခွင့်မှာ အမည်ပါပေမယ့်မလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေ

March 4, 2026
ဓာတ်ပုံ - BNA

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

March 3, 2026
(ဓာတ်ပုံ-စစ်ကော်မရှင်တပ်ထိန်းချုပ်ထားဆဲစစ်တွေအကျဥ်းထောင်/BNA)

နိုင်ငံရေးအကျဉ်းသားသုံးထောင်ကျော်သာလွတ်

March 3, 2026

အမေရိကန်လေသူရဲတွေရဲ့ အသက်ကယ်အရေးပေါ်စာလွှာ

March 3, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page