Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၂၆။
စစ်ကော်မရှင်တပ်ဖမ်းဆီးထားသူ တသောင်းနီးပါးကို လာမယ့်ရွေးကောက်ပွဲအတွက် နိုဝင်ဘာလ ၂၆ ရက်၊ ဒီနေ့မှာလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ ရဇသတ်ကြီးဥပဒပုဒ်မ ၅၀၅ (က) အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ နှစ်ထောင့်သုံးရာခြောက်ဆယ်တဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုလျှော့ပေါ့ပြီး လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
အဲဒီအပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရသူတွေ၊ အဲဒီလိုတရားစွဲဆိုခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားစွဲဆိုခံထားရသူ ငါးထောင့်ရှစ်ရာရှစ်ဆယ်ကို အမှုပိတ်သိမ်းပေးလိုက်ပါတယ်။
နောက်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းတွေမှာ ပြစ်ဒဏ်ကျခံနေတဲ့အကျဉ်းသား၊ အကျဉ်းသူ ခုနှစ်ရာနှစ်ဆယ့်လေးဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်နဲ့ ခုကျခံဖိုကျန်ရှိ တဲ့ ပြစ်ဒဏ်တွေကို ကျခံရမယ်ဆိုပြီး စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်
လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မကြာခင်ကျင်းပမယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနဲ့ လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အခုလိုလွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာဖြစ်တယ် လို့ဆိုပါတယ်။






