Border News Agency
မိုးကုတ်၊ ဒီဇင်ဘာ ၂၄။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ရှစ်ဦးသေဆုံးပြီး သုံးဦးဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမိုးကုတ်မြို့နယ်မှာ ဒီဇင်ဘာလ ၇ရက်နေ့မှ ဒီဇင်ဘာလ ၂၄ ရက်နေ့ထိ စစ်ကော်မရှင်တပ်ဖွဲဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲကြီးခြောက်ကြိမ်နဲ့ ထိတွေ့တိုက်ပွဲငယ်ကိုးကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်က ဆယ့်ရှစ်ဦးသေဆုံးပြီး စစ်သုံ့ပန်းသုံးဦးဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ခြေကုတ်ယူထားတဲ့ မိုးကုတ်မြို့နယ်အတွင်းမှ ကျေးရွာတရွာနဲ့ စိုးမိုးကုန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ကထပ်ပြီး သိမ်းပိုက်ထားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှုရပ်ဝန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အထူးစစ်ဆင်ရေးတွေ ဖော်ဆောင်ပြီး အဆက်မပြတ်ထိုးနှက်တိုက်ခိုက်မှုတွေကြောင့် အထိအခိုက်ကျဆုံးတာတွေရှိတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပကဖ အနေနဲ့ ပြည်သူလူထုနဲ့အတူလက်တွဲပြီး မိုးကုတ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်တွေကို ဆက်ပြီးတိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။






