Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၄။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူတို့ဖမ်းဆီးထောင်ချထားတဲ့ အကျဉ်းသားတွေကို ခြောက်ပုံတပုံပြစ်ဒဏ်လျှော့ပေးလိုက်ပါတယ်။
အဲဒီသူတွေကို ဇန်နဝါရီလ ၄ ရက်၊ ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့မှာ ပြစ်ဒဏ်လျှော့ပေးလိုက်တာပါ။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်တွေက အကျဉ်းသားတွေကို ပြစ်ဒဏ်ခြောက်ပုံတပုံလျှော့ပေးလိုက်တာပါ။
အဲဒီအထဲမှာ လူသတ်မှု၊ မဒိန်းမှု၊ ပေါက်ကွဲစေတတ်တဲ့ဝတ္ထုပစ္စည်းတွေ အက်ဥပဒေအရပြစ်မှုတွေ၊ မတရားအသင်း၊ လက်နက်ဥပဒေအမျိုးမျိုးနဲ့ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေလွှဲလို့ ကျန်တဲ့အကျဉ်းသား၊ အကျဉ်းသူအားလုံးဟာ ကျန်နေတဲ့ပြစ်ဒဏ်ကာလရဲ့ ခြောက်ပုံတပုံကိုလျှော့ခံစားခွင့်ရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီအမှုကြီးတွေနဲ့မသက်ဆိုင်တဲ့ အကျဉ်းသားတွေဟာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ကျခံဖို့ကျန်နေတဲ့ပြစ်ဒဏ်တွေထဲက ခြောက်ပုံတပုံကို လျှော့ခံစားရမှာဖြစ်ပါတယ်။
အဲဒီအပြင် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ခြောက်ထောင့်တရာသုံးဆယ့်လေးဦးနဲ့ နိုင်ငံခြားအကျဉ်းသား ငါးဆယ့်နှစ်ဦးကိုလည်း ဒီနေ့မှာလွတ်ငြိမ်းခွင့်ပေး လိုက်ပါတယ်။







