Border News Agency
လောင်တလိုင်၊ အောက်တိုဘာ ၁၅။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်မှာ တာတာယိုဓာမော်တော်ယာဉ်ဆယ်စီးဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁၅ ရက်၊ဒီနေ့မှာ ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်ကာ အရေးပေါ် ညှိနှိုင်းအစည်းအဝေးလုပ်ခဲ့ကြပါတယ်။
အိုင်ဇောလ်ဘက်မှ မောင်းနှင်လာတဲ့ ယာဉ်တွေကို AOC YLA အဖွဲ့က တားဆီးကာ သယ်ယူပို့ဆောင်ရေးဌာနဆီ လွှဲပြောင်းခဲ့တာဖြစ်ပြီး ခရိုင်ရာဇဝတ်တရားသူကြီးရဲ့ ညွှန်ကြားချက်ကို ဖောက်ဖျက်ဝင်ရောက်လာတာဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ကုန်သည်တွေဘက်က ဝန်ခံကတိလက်မှတ် ရေးထိုးရင် ဖမ်းဆီးထားတဲ့ယာဉ်တွေကို ပြန်လည်လွှတ်ပေးဖို့ သဘောတူညီခဲ့ကြပြီး ဗဟိုလိုင်လူငယ်အသင်း (CYLA) တာဝန်ရှိသူတွေကလည်း တရားဥပဒေစိုးမိုးရေးကို အပြည့်အဝပူးပေါင်းသွားမယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် ခရိုင်အုပ်ချုပ်ရေးမှူးက တရားဝင်ခွင့်ပြုချက်မရှိဘဲ ငွေကြေးကောက်ခံနေတဲ့ လုပ်ရပ်တွေကို စုံစမ်းဖော်ထုတ်ကာ ဥပဒေအရ ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ပြင်းထန်စွာသတိပေးခဲ့ပါတယ်။
အဲဒီအရေးပေါ်အစည်းအဝေးကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယရဲမှူးကြီး၊ သယ်ယူပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေနဲ့ CYLA ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။











