Border News Agency
မန္တလေး၊ နိုဝင်ဘာ ၂၉။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ငွေကျပ်သိန်းလေးရာ့ငါးဆယ်ခန့် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေနဲ့အတူ အမျိုးသား တဦးနဲ့ အမျိုးသမီး နှစ်ဦး စုစုပေါင်းသုံးဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC) က နိုဝင်ဘာလ ၂၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ချမ်းအေးသာစံမြို့နယ်၊သီရိဟေမာ(အနောက်)ရပ်ကွက်၊ ၂၆ လမ်းနဲ့ ၉၁ လမ်းထောင့်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့က အသက်ငါးဆယ်အရွယ် ဝင်းမြင့်မောင်းနှင်ပြီး အသက်လေးဆယ့်ကိုးနှစ်အရွယ် မမာမာဝင်း လိုက်ပါလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာကနေ ဆာလာအိတ်အတွင်း သယ်ဆောင်လာတဲ့ ဘိန်းဖြူ အလေးချိန်တစ်ဒသမကိုးဆယ်ရှစ်ကီလိုဂရမ်နဲ့ လက်ကိုင်ဖုန်းနှစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ အသက် သုံးဆယ့်လေးနှစ်အရွယ် မအေးစုဝင်း (ခ) စုလင်းကို မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ နေအိမ်အတွင်းကနေ လက်ကိုင်ဖုန်းတလုံးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူ သုံးဦးစလုံးကိုတော့ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။








