Border News Agency
တာချီလိတ်၊ နိုဝင်ဘာ ၂၉။
ရှမ်းပြည်အရှေ့ပိုင်း၊တာချီလိတ်မြို့နယ်မှာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း နှစ်ထောင့်ခုနှစ်ရာကျော် တန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေးဝါး ကက်တမင်းတွေနဲ့အတူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC) က နိုဝင်ဘာလ ၂၉ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
တာချီလိတ်မြို့နယ်၊ ဆီဝန်းထောင်းကျေးရွာအနီး၊ တာချီလိတ်-ဝမ်ပုံသွားကားလမ်းပေါ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က အသက် သုံးဆယ်အရွယ် ညီခမ်းမောင်းနှင်ပြီး အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ် အိုက်လင်း လိုက်ပါလာတဲ့ TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာကနေ ယာဉ်ပေါ်ပါလာတဲ့ စိတ်ပြောင်းဆေးဝါး ကက်တမင်း အလေးချိန်သုံးဆယ့်တစ်ကီလိုဂရမ်နဲ့ လက်ကိုင်ဖုန်း လေးလုံးတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူ နှစ်ဦးစလုံးကိုတော့ ဝမ်ပုံနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
တာချီလိတ်မြို့နယ်အတွင်းမှာ အွန်လိုင်းလောင်းကစား (ကျားဖြန့်) လုပ်ငန်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးပြား သယ်ဆောင်ရောင်းဝယ်မှုတွေကို ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။









