Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၄။
ထိုင်းနိုင်ငံ၊ ကမ်ဖဲန်းဖက်ခရိုင် (Kamphaeng Phet) အတွင်းမှာ ဖေဖော်ဝါရီလ ၄ ရက်၊ မနက်အစောပိုင်းက လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာကနေ သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားပြီး အသက်ဆယ့်ကိုးနှစ်အရွယ်လူငယ်တဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။
အဲဒီကမ်ဖဲန်းဖက်မြို့၊ နိုင်မောင်းရပ်ကွက်ရှိ နေအိမ်တအိမ်ရှေ့မှာ မနက်၂ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကမ်ဖဲန်းဖက်မြို့မရဲစခန်းမှူး ရဲမှူးကြီးဆုမ်ကဆမ် ကျာရတ် (Pol. Col. Somkasem Jarak) နဲ့ အဖွဲ့ကအခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ အသက်ဆယ့်ကိုးနှစ်အရွယ် မစ္စတာမုန်ကွန်းချန်အင် (Mr. Mongkol Jan-im) ဖြစ်ပြီး သူ့ရဲ့ ဘယ်ဘက်နံဘေးမှာ ကျည်ထိမှန်ဒဏ်ရာပြင်းထန်တာကြောင့် ကမ်ဖဲန်းဖက်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် ဆေးရုံရောက်ပြီးမကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ ဒီပစ်ခတ်မှုဟာ လူငယ်အချင်းချင်းအငြှိုးအတေးရှိရာကနေ စကားများရန်ဖြစ်ပြီးနောက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ယူဆထားပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ကအနီးကပ်လိုက်လံစုံစမ်းခဲ့ရာမှာ ပါဝင်ပတ်သက်သူလူငယ်လေးဦးကို သက်သေခံလက်နက်တွေနဲ့အတူ ဒီနေ့နေ့လည်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေဟာ အသက်ဆယ့်ငါးနှစ်ကနေ ဆယ့်ခုနှစ်နှစ်အတွင်းရှိ လူငယ်တွေဖြစ်ကြပြီး သူတို့နဲ့အတူအမှတ်စဉ်မပါတဲ့ လက်လုပ်ပြောင်းတိုသေနတ်တလက်၊ ကျည်ဆန်သုံးတောင့်နဲ့ဆိုင်ကယ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့တာပါ။
သူတို့ဟာ အရင်ကတည်းကအငြှိုးအတေးရှိတာကြောင့် စကားများရန်ဖြစ်ရာကနေ နောက်ထပ်လူတစုကလာရောက်ကူညီပြီး ကလဲ့စားချေပစ်ခတ်ခဲ့တာလို့ ထွက်ဆိုထားကြပြီး လက်ရှိမှာတော့ သူတို့ကိုကြိုတင်ကြံစည်မှုနဲ့ လူသတ်မှုအပါအဝင် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။






