Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၁၀။
ထိုင်းနယ်စပ်ကို တရားမဝင်ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၁၃ ဦးကို မဲဆောက်နဲ့ချင်းရိုင်မြို့တွေမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
မဲဆောက်မြို့၊ သောင်ရင်းမြစ်ကမ်းဘေးမှာ ရာ့ချ်မနူးအထူးစစ်ကြောင်းက ကင်းလှည့်နေတုန်း သံသယဖြစ်ဖွယ် တရုတ်နိုင်ငံသား ၁၀ ဦးကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီဖမ်းမိသူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ပြီး သူတို့ဟာ မြန်မာဘက်ခြမ်းမှာ ကျားဖြန့်အလုပ်လုပ်ကိုင်နေသူတွေဖြစ်သလို ထိုင်းဘက်ကို ခိုးဝင်လာတာလို့ ဝန်ခံထားပါတယ်။
အဲဒိီအပြင် ချင်းရိုင်ခရိုင်၊ ချင်းသန်းမြို့နယ်မှာလည်း လာအိုဘက်ကနေ မဲခေါင်မြစ်ကိုဖြတ်ပြီး ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ထိုင်းမြစ်ကြောင်းစောင့်တပ်က ဖမ်းမိခဲ့ပါတယ်။
သူတို့ဆီကနေ စီးကရက်ဗူးထဲမှာ ဝှက်ယူလာတဲ့ ကတ်တမင်း (Ketamine) ၅၂ ဂရမ်ကျော်နဲ့ အိုက်စ် (Ice) မူးယစ်ဆေးဝါးတွေကိုပါ ရှာဖွေတွေ့ရှိခဲ့တာပါ။
အဲဒီ ဖမ်းမိသူအားလုံးကို သက်ဆိုင်ရာရဲစခန်းတွေဆီပို့ဆောင်ထားပြီး ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်းဝင်ရောက်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ဖမ်းမိတဲ့တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့နောက်ကွယ်က ကွင်းဆက်တွေကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။


















