Border News Agency
မင်းပြား၊ ဖေဖော်ဝါရီ ၁၅။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဓားနက်ခုတ်ကြည့်ရာမှာ ပေါက်ကွဲလို့ အရပ်သားမူဆလင်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အဲဒီ သေဆုံးခဲ့သူတွေမှာ မြောက်ဦးမြို့နယ်၊ ဆီသည်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးအာဒူလာမိန်၊ တန်းဆိပ်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ဦးမာ့မာတ်ယေနာ (ခ) မာ့အိုင်ရ်နက်တို့ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေအချိန်က မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီးက ခုတ်ထားတဲ့ထင်းကိုသွားယူရာ စစ်ကျန်ဗုံးကိုတွေ့ကာ ဓားနဲ့ခုတ်မိရာကနေ ပေါက်ကွဲပြီးသေဆုံးသွားခဲ့ကြတာလို့ ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရ ထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






