Border News Agency
အမေရိကန်၊ မေ ၃၀။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံနဲ့ပဋိပက္ခတွေကို အဆုံးသတ်မယ့် သဘောတူညီချက်အပေါ် နောက်ဆုံးအတည်ပြုချက်ပေးဖို့ ပြင်ဆင်နေပေမယ့် အီရန်ဘက်ကတော့လက်ရှိအချိန်ထိနှစ်နိုင်ငံကြား ဘာသဘောတူညီချက်မှ အပြီးသတ်မရသေးဘူးလို့ တုံ့ပြန်ပြောဆိုထားတယ်လို့သိရပါတယ်။
အမေရိကန်နဲ့အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေး ရက် ၆၀ အဆိုပြုချက်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေဆက်ရှိနေပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် အက်စ်မေးလ်ဘာဂါဟီက အမေရိကန်ရဲ့ တောင်းဆိုချက်အပေါ် အခြေခံတဲ့ချဉ်းကပ်ပုံကို ငြင်းပယ်ထားပြီး အမေရိကန်စစ်တပ်ရဲ့ ရေကြောင်းပိတ်ဆို့ထားမှုကိုလည်း တရားမဝင်ဘူးလို့ ပြစ်တင်ရှုတ်ချထားပါတယ်။
အီရန်ရဲ့ အဆင့်မြင့်ဆွေးနွေးရေးမှူး မိုဟာမက်ဘာဂါ ဂါလီဘတ်ကလည်း အမေရိကန်ဘက်က စကားလုံးတွေနဲ့မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ အရင်စတင်ပြမှသာ သဘောတူညီချက်ကို ဆုံးဖြတ်မှာဖြစ်ပြီး ဝါရှင်တန်ဘက်က အရင်မလုပ်ဆောင်သရွေ့ အီရန်ဘက်က ဘာအဆင့်မှလုပ်ဆောင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
တပြိုင်နက်တည်းမှာပဲ စင်ကာပူနိုင်ငံမှာ ပြုလုပ်နေတဲ့ Shangri-La Dialogue ဆွေးနွေးပွဲအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်စ်က အမေရိကန်အနေနဲ့ စစ်ဘက်ဆိုင်ရာမှာ ဒေါ်လာ ၁.၅ ထရီလီယံ ရင်းနှီးမြှုပ်နှံဖို့စီစဉ်နေပြီး အီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်စေရေးအတွက် ဆက်လက်တားဆီးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိအိမ်ဖြူတော်အတွင်း ဆွေးနွေးမှုတွေအပြီးမှာ ဟော်မုဇ်ရေလက်ကြား ကန့်သတ်ချက်တွေဖယ်ရှားပေးမယ့် အခြေအနေက သဘောတူညီချက်ရဲ့ တိုးတက်မှုလက္ခဏာတခု ဖြစ်လာနိုင်ပေမယ့်အမေရိကန်ဘက်က နောက်ဆုံး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တိကျတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။





