ကမ္ဘောဒီးယားနိုင်ငံရဲ့ နယ်စပ်ရှေ့တန်းစစ်မျက်နှာပြင်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပိုမိုခိုင်မာလာစေဖို့အတွက် ကမ္ဘောဒီးယားတော်ဝင်တပ်မတော် (RCAF) က ခံစစ်ဘန်ကာတွေကို အရှိန်အဟုန်နဲ့ အဆင့်မြှင့်တင် တည်ဆောက်နေတယ်လို့ သိရပါတယ်။
အဲဒီလိုတည်ဆောက်ရာမှာ ဖနွမ်းပင်မြို့က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကလည်း နိုင်ငံတော်လုံခြုံရေးအတွက် ရှေ့တန်းစစ်သည်တွေကို အားပေးကူညီတဲ့အနေနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြပါတယ်။
အဲဒီ ပုဂ္ဂလိကကဏ္ဍကနေ ဘန်ကာတည်ဆောက်ရာမှာ အသုံးပြုဖို့အတွက် မော်တော်ကားတာယာ ၁,၃၀၀ ကျော်နဲ့ ဆာလာအိတ်ခွံ ၂၀,၀၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီ တည်ဆောက်ရေးပစ္စည်းတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး နယ်စပ်ကို သယ်ယူခဲ့တာဖြစ်ကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ စစ်သည်တွေဟာ ကွန်ကရစ်တိုင်တွေကို ကိုယ်တိုင်ထမ်းပိုးပြီး တောင်ကုန်းပေါ်က ခံစစ်စခန်းတွေကို အင်တိုက်အားတိုက် တည်ဆောက်နေကြပါတယ်။
အဲဒီလို ခံစစ်စခန်းတွေ အဆင့်မြှင့်တင်တာဟာ ရှေ့တန်းရောက်စစ်သည်တွေရဲ့ ဘေးကင်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်တွေကြောင့် နယ်စပ်တလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် ပိုမိုလုံခြုံတဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်မယ်လို့ ကမ္ဘောဒီးယားစစ်ဘက် သတင်းရင်းမြစ်တွေအရ သိရပါတယ်။













