ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ဘာစီလန်ရှိ ကမ်းလွန်ပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားတဲ့ MV Trisha Kerstin 3 ကူးတို့သင်္ဘောကို ရှာဖွေရေးလုပ်ငန်းတွေအဆက်မပြတ် လုပ်ဆောင်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၈ ရက်၊မနေ့က ရုပ်အလောင်းနှစ်လောင်းကို ထပ်ပြီးရှာတွေ့ခဲ့ပါတယ်။
အဲဒါကြောင့် လက်ရှိမှာ သေဆုံးသူအရေအတွက်ဟာ ၆၄ ဦးအထိ ရှိလာပြီလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ထုတ်ပြန်ထားပါတယ်။
အဲဒီဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ရေငုပ်သမားတွေဟာ ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ဖို့အတွက် ရေအောက်ပေ ၁၀၀ ကျော် (မီတာ ၃၀ ခန့်) အနက်အထိ သွားရောက်ရှာဖွေခဲ့တာပါ။
အခုအချိန်အထိ အသက်ရှင်လွတ်မြောက်သူ ၂၉၃ ဦး ရှိနေပေမယ့် ပျောက်ဆုံးနေသူ ၁၅ ဦး ကျန်ရှိနေသေးတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။














