Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၁၉။
ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင်ထိုးဆေးတွေကို အခြားပစ္စည်းအမည်တွေနဲ့လွှဲပြောင်းပြီး အွန်လိုင်းကနေလှည့်ဖြားရောင်းချနေတဲ့ ဂိုဏ်းကြီးတခုကို အာဏာပိုင်တွေက ဖော်ထုတ်အရေးယူလိုက်ပါတယ်။
စားသုံးသူအကာအကွယ်ပေးရေး ရဲတပ်ဖွဲ့ (CPPD) နဲ့ FDA တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တရားဝင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ ဇန်နဝါရီလကုန်ပိုင်းကစပြီး ရာ့ချ်ဘူရီ၊ ဘန်ကောက်နဲ့ နခွန်ပထုံရှိ နေရာတွေကို အဆင့်ဆင့်ဝင်ရောက်စီးနင်းခဲ့ရာမှာ အသက် ၂၄ နှစ်ကနေ ၃၀ နှစ်အတွင်းရှိ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီစီးနင်းမှုအတွင်း စုစုပေါင်းကာလတန်ဖိုး ဘတ် ၁၇ သန်းကျော်ရှိတဲ့ သက်သေခံပစ္စည်းပေါင်း ၁ သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီဂိုဏ်းဟာ စစ်ဆေးမှုတွေကို ရှောင်ရှားဖို့အတွက် Shopee နဲ့ Lazada လို အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတွေမှာ ဆေးဝါးတွေကို ရောင်စုံခဲတံ၊ အရုပ်တွေနဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းဆိုတဲ့ အမည်လွှဲတွေနဲ့ရောင်းချခဲ့တာပါ။
အဲဒိီအပြင် ပါဆယ်ပို့ရာမှာလည်း တရားမဝင်ထိုးဆေးပုလင်းတွေကို လစဉ်သုံးဂွမ်းထုပ်တွေကြားထဲ ထည့်သွင်းဖုံးကွယ်ပြီး ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒိီဆေးတွေဟာ မှတ်ပုံတင်ထားတာမရှိတဲ့ အဆီကျဆေးနဲ့ အသားဖြူဆေးတွေဖြစ်ပြီး အသုံးပြုမိပါက အသက်ဆုံးရှုံးနိုင်တဲ့အပြင် ကျောက်ကပ်ပျက်စီးတာ၊ သိုင်းရွိုက်ကင်ဆာဖြစ်တာနဲ့ စိတ်ကျရောဂါခံစားရတာမျိုးတွေအထိ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်း FDA က သတိပေးထားပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ဆေးဝါးအက်ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။




















