Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၂၀။
ထိုင်းနိုင်ငံမှာ လာမယ့်ဖေဖော်ဝါရီလ၂၃ ရက်ကနေ ၂၅ ရက်အတွင်း ပြင်းထန်တဲ့နွေရာသီမုန်တိုင်း (Summer Storm) ကျရောက်နိုင်ပြီး ခရိုင်ပေါင်း ၁၈ ခုမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန (TMD) က ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီနေ့မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံဟာ လာမယ့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစတင်ပြီး နွေရာသီကို တရားဝင်ကူးပြောင်းတော့မှာပါ။
အခုလို ရာသီကူးပြောင်းချိန်အတွင်း ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၅ ရက်အထိ ထိုင်းနိုင်ငံအထက်ပိုင်းမှာ မိုးသက်လေပြင်းကျတာ၊ လျှပ်စီးလက်တာတွေနဲ့အတူ အချို့နေရာတွေမှာ မိုးသီးကြွေတာတွေအထိ ဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူတွေကြိုတင်ပြင်ဆင်ထားကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ၂၀ ရက်မှာဆိုရင် မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့တောင်ပိုင်းရှိ ခရိုင် ၁၈ ခုမှာ မိုးရွာဖို့အလားအလာရှိနေပါတယ်။
မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ လန်ပွန်၊ လန်ပန်းနဲ့ တာ့ခ်ခရိုင်တို့မှာ မိုးရွာဖို့ ၁၀ ရာခိုင်နှုန်းရှိပြီး တောင်ပေါ်ဒေသတွေမှာ အေးမြမှုကိုခံစားရနိုင်ပါတယ်။
ဒါ့အပြင် ချောင်ဘူရီ၊ ရယောင်း၊ ကျန်သဘူရီနဲ့ ထရတ်ခရိုင်တို့မှာလည်း နေ့အပူချိန်ပြင်းတာကြောင့် မိုးရွာဖို့ အလားအလာ ရှိနေတာပါ။
တောင်ပိုင်းက ဆူရတ်သနီ၊ နခွန်စီသမာရတ်၊ ပတ်သလုံ၊ ယဲလာ၊ နာရသီဝပ်နဲ့ ပတ္တနီခရိုင်တို့မှာလည်း မိုးရွာဖို့ ၂၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။
နေ့အပူချိန်ဟာ အမြင့်ဆုံး ၃၆ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိနိုင်ပြီး ရာသီဥတုပူပြင်းမှာဖြစ်ပါတယ်။
ထိုင်းပင်လယ်ကွေ့အောက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာခန့်ရှိနိုင်ပြီး မိုးသက်လေပြင်းကျချိန်မှာ လှိုင်းပိုကြီးနိုင်တာကြောင့် ရေလုပ်သားတွေနဲ့ သင်္ဘောငယ်တွေသတိပြုကြဖို့ ထပ်မံအသိပေးထားပါတယ်။
ရာသီဥတု ရုတ်တရက်ပြောင်းလဲတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးကိုဂရုစိုက်ကြဖို့နဲ့ လေပြင်းဘေးကနေ ကင်းဝေးစေဖို့ အဆောက်အအုံတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ ခိုင်ခံ့မှု ရှိ၊ မရှိ စစ်ဆေးထားကြဖို့ လိုအပ်တယ်လို့ ထိုင်းမိုးဇလ (TMD) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။






