Border News Agency
ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၂၃။
ဂန့်ဂေါခရိုင်တပ်ရင်း ၁၃နယ်မြေအတွင်း သွားလာလှုပ်ရှားနေထိုင်ကြတဲ့ပြည်သူတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ညဘက်သွားလာခွင့်တားမြစ်တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီဂန့်ဂေါခရိုင် တပ်ရင်း ၁၃ လှုပ်ရှားနယ်မြေဖြစ်တဲ့လမ်းတွေကို ည ၈နာရီမှ မနက် ၆ နာရီအတွင်း လုံခြုံရေးအခြေအနေအရ လုံးဝဖြတ်သန်းသွားလာခွင့်မပြုလုပ်ကြဖို့ အသိပေးထုတ်ပြန်လိုက်တာပါ။
ဆော၊ ကျောက်ထု၊ မင်းတပ်လမ်းတွေကို လုံခြုံရေးအခြေအနေအရ စစ်ဆေးနေလို့ ပြည်သူတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ အသိပေးထားပါတယ်။
ကန့်သတ်ထားတဲ့နယ်မြေကို ခုအချိန်မှာ ဂန့်ဂေါခရိုင်အတွင်းမှ တပ်ရင်းတပ်ဖွဲ့တွေမှလွဲပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို သက်ဆိုင်ရာခရီးသွားလာခွင့် (MO) ပါမှသာ ဖြတ်သန်းသွားလာခွင့်ရှိတယ်လို့ ဆိုပါတယ်။
အရေးပေါ်ကိစ္စတွေနဲ့သွားလာလိုရင် ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ ဆီကိုအကြောင်းကြားမှ ခွင့်ပြုမှာဖြစ်ပြီး ကန့်သတ်ထားတဲ့ အချိန်မှာအကြောင်းမကြားပဲသွားလာခဲ့ရင် ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။






