Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၂၄။
ထိုင်းမှာ မြန်မာနိုင်ငံဘက်သို့ခိုးထုတ်မယ့် ကား ၂ စီးကို ဖာမိူင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ ဖာမှိုင်းတပ်ဖွဲ့ဟာ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်း ကင်းလှည့်စစ်ဆေးနေချိန်မှာ သံသယဖြစ်ဖွယ်အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ကား ၂ စီးကို လိုက်လံတားဆီးရာကနေ ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီ စစ်ဆေးရေးဂိတ်ကိုမရပ်ဘဲ မောင်းပြေးတဲ့ကား ၂ စီးနောက်ကို တပ်ဖွဲ့ဝင်တွေကထပ်ကြပ်မကွာ လိုက်လံပိတ်ဆို့ခဲ့ရတာဖြစ်ပြီး နယ်စပ်နဲ့နီးတဲ့ ဖာဟီးကျေးရွာအနီးမှာမှ တရားခံတွေနဲ့အတူဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကားတွေကို မယ်ဆိုင်မြို့ပေါ်ကနေ ယူဆောင်လာတာဖြစ်ပြီး နယ်စပ်ကဖာဟီးကျေးရွာကားပါကင်မှာ ခေတ္တရပ်နားကာ မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင်ခိုးထုတ်ဖို့ စီစဉ်ထားတာလို့ ဖမ်းဆီးရမိသူတွေကထွက်ဆိုထားပါတယ်။
အဲဒီလို ကားတွေကို နယ်စပ်ကျော်ပြီးပို့ဆောင်ပေးဖို့အတွက် တဦးကိုထိုင်းဘတ်ငွေ ၅,၀၀၀ စီနဲ့ ငှားရမ်းခိုင်းစေခံရတာ ဖြစ်တယ်လို့လည်း ဖမ်းဆီးရမိတဲ့ တရားခံတွေက ဝန်ခံပြောဆိုထားကြပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ တရားခံတွေနဲ့အတူ သက်သေခံကားတွေကို ထိုင်းနိုင်ငံရဲ့ အကောက်ခွန်ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် မယ်ဆိုင်ရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ်လို့ ဆိုပါတယ်။










