Border News Agency
ရန်ကုန်၊ မတ် ၄။
စစ်ကော်မရှင်ရဲ့ အကျဉ်းသား ၇,၀၀၀ ကျော် လွတ်ငြိမ်းခွင့်အမိန့်မှာ အမည်စာရင်းပါဝင်ပေမယ့် တကယ်တမ်း လွတ်မြောက်လာတာမရှိဘဲ အကျဉ်းထောင်တွေထဲမှာ ကျန်ရစ်နေသူနိုင်ငံရေးအကျဉ်းသား အများအပြားရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မတ်လ ၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အကျဉ်းထောင် ၃၁ ခုကနေ နိုင်ငံရေးအကျဉ်းသား၊သူ ၃,၆၁၃ ဦးသာ လွတ်မြောက်ခဲ့တာဖြစ်ပြီး အထူးသဖြင့် ဒိုက်ဦးအကျဉ်းထောင်မှာတင် လွတ်ငြိမ်းစာရင်းပါပေမယ့်လည်း မလွတ်လာသေးသူ ၂၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီကျန်နေသူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ၅၂(က) တို့နဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတစ်ကြိမ်လွတ်မြောက်လာသူတွေထဲမှာ NLD အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ တိုင်းဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်တို့ ပါဝင်လာတယ်လို့ဆိုပါတယ်။
လွတ်ငြိမ်းစာရင်းပါပြီး မလွတ်လာသေးသူတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ဆက်ပြီးလွတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။






