Border News Agency
ချွန်ဘူရီ၊ နိုဝင်ဘာ ၂၆။
ထိုင်းနိုင်ငံ၊ချွန်ဘူရီပြည်နယ်မှာ ကျင်းပတဲ့ လွိုင်ကထုန်ပွဲတော်အတွင်း နာမည်ကျော်ထိုင်းအဆိုတော် နမ်ခဲန်ထိပဝမ်ကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့တဲ့ မြန်မာအမျိုးသားကို ထပ်တိုးအမှုဖွင့် အရေးယူသွားမယ်လို့ ချွန်ဘူရီပြည်နယ် ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
နောင်ဖိုင်ကဲအို သကြားစက်ရုံရှေ့မှာ အဆိုတော်ကပရိသတ်တွေနဲ့ နှုတ်ဆက်နေချိန် အမျိုးသားတဦးကလိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့တဲ့ ဗီဒီယိုဖိုင် နိုဝင်ဘာလ ၂၅ရက်မှာပျံ့နှံ့လာခဲ့ပေမယ့် အခင်းဖြစ်ပွားတဲ့ ညကတည်းက ကျူးလွန်သူကိုဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကရှင်းလင်းထားပါတယ်။
ဖမ်းဆီးခံရသူဟာ အသက်သုံးဆယ့်တနှစ်အရွယ် မြန်မာနိုင်ငံသားကိုစုဇော်ဇော်ဖြစ်ပြီး အရက်အလွန်အကျွံမူးယစ်နေတာကြောင့် အမူးပြေစေဖို့ ဘန်ဘွန်းရဲစခန်းကိုခေါ်ဆောင်ခဲ့ကာ လုံခြုံရေးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကချက်ချင်းထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က အလုပ်ရှင်နဲ့ စကားပြန်တို့ကို ချိတ်ဆက်စစ်ဆေးခဲ့ပြီး ကနဦးအနေနဲ့ အများပြည်သူဆိုင်ရာနေရာမှာအရက်မူးပြီး ရမ်းကားမှုနဲ့ ဒဏ်ငွေရိုက်ထားသလို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနဲ့ မဖွယ်မရာပြုလုပ်မှုတွေအတွက် ဥပဒေအရထပ်တိုးအရေးယူဖို့ ဆောင်ရွက်နေပါတယ်။
လက်ရှိမှ နယ်လှည့်ဖျော်ဖြေပွဲတွေနဲ့ မအားလပ်သေးတဲ့ အဆိုတော်နမ်ခဲန်ထိပဝမ်နဲ့ ကျူးလွန်သူတို့ကို လာမယ့် နိုဝင်ဘာလ ၂၈ရက်မှာ အသေးစိတ်ထပ်မံစစ်ဆေးသွားမယ်လို့ဆိုပါတယ်။








