Border News Agency
ဂျိုဟိုး၊ နိုဝင်ဘာ ၂၆။
မလေးရှားနိုင်ငံ၊ဂျိုဟိုးပြည်နယ်အတွင်းက ဖုန်းဆိုင်၊ကုန်စုံဆိုင်၊ စားသောက်ဆိုင်နဲ့ အလုပ်သမားအဆောင်တွေကို ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား သုံးဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်းငါးဆယ့်သုံးဦးနဲ့ ဒေသခံမန်နေဂျာတဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဂျိုဟိုးလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း မြန်မာအမျိုးသား သုံးဦးအပြင် အင်ဒိုနီးရှား သုံးဆယ့်ခြောက်ဦး၊ ထိုင်းနိုင်ငံသား ကလေးငယ် သုံးဦးအပါအဝင် ခြောက်ဦး၊ ဘင်္ဂလားဒေ့ရှ်လေးဦး၊ အိန္ဒိယ နှစ်ဦးနဲ့ ဗီယက်နမ် နှစ်ဦးတို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက်နှစ်ဆယ်ကနေ လေးဆယ့်ခြောက်နှစ်ကြားအရွယ်တွေဖြစ်ကြပြီး စားဖိုမှူး၊ စားပွဲထိုးနဲ့ ဆိုင်လာစားသုံးသူတွေ ပါဝင်တယ်လို့ဆိုပါတယ်။
သူတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဆက်လက်စစ်ဆေးဖို့ ဆက်တီယာထရိုပီကာ ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ထားပြီး ဘယ်လုပ်ငန်းကဏ္ဍမှ ကင်းလွတ်ခွင့်မရှိဘဲ ဆက်လက်စစ်ဆေးသွားမယ်လို့ဆိုပါတယ်။
ပြည်တွင်းမှာ စစ်ရေးပဋိပက္ခနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အခုလိုဖမ်းဆီးစစ်ဆေးမှုတွေ ဆက်တိုက်ရှိနေတာကြောင့် သွားလာနေထိုင်မှုနဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေတွေ ရှိနေပါတယ်။















