Border News Agency
ရသေ့တောင်၊ မတ် ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ အမည်မသိအမျိုးသားအလောင်းတခုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေအနီးမှာ မတ်လ ၉ရက်နေ့၊ညနေ ၆နာရီအချိန်ခန့်က လူသေအလောင်းတလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့တာပါ။
ဒုံးပိုက်ရွာမှ ဦးမောင်ကျော့ဟန်ဟာ ပင်လယ်ထဲပိုက်ချပြီးအပြန် ရွာရဲ့အနောက်ဖက် ပင်လယ်ကမ်းစပ်မှာတင်နေတဲ့ အမည်မသိ လူသေအလောင်းတလောင်းကိုတွေ့ခဲ့တာကြောင့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ကို သွားရောက်အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရုပ်အလောင်းဟာ ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့် အမျိုးသားတဦးဖြစ်တယ်လို့အတည်ပြုနိုင်ပြီး ဘယ်ရွာမှဘယ်သူ ဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာရပ်ရွာတာဝန်ခံတွေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံ့ခြုံရီးဌာန(DLEPS)မှ တာဝန်ရှိသူတွေက စစ်ဆေးပြီးနောက် တွေ့ရှိတဲ့နေရာမှာတင် မီးသင်္ဂြိုလ်လိုက်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ လမူးမော်ရွာချောင်းမှာ ရေမြှုပ်သေဆုံးနေတဲ့ အမည်မသိအမျိုးသားရုပ်အလောင်းတလောင်း တွေ့ရှိခဲ့ပါတယ်။
အာရက္ခဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းရေမြုပ်သေဆုံးမှု၈ကြိမ်ရှိခဲ့ပြီး ကလေး ၂ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၄ ဦး၊ စုစုပေါင်း ၉ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခမင်းသမီးမီဒီယာမှာ ဖော်ပြထားပါတယ်။






