Border News Agency
အမေရိကန် ၊ဧပြီ ၂၄။
တရုတ်နိုင်ငံရဲ့ အသံထက်မြန်တဲ့ လက်နက်ခြိမ်းခြောက်မှုတွေကိုတန်ပြန်နိုင်ဖို့အတွက် အမေရိကန်ရေတပ်ဟာ သူတို့ရဲ့ စစ်သင်္ဘောတွေမှာ ကြည်းတပ်သုံး ပက်ထရီယော့ ဒုံးခွင်းဒုံးစနစ်တွေကို တပ်ဆင်သွားဖို့ ပြင်ဆင်နေပါတယ်။
အဲဒီစီမံကိန်းအတွက် အမေရိကန်ရေတပ်ရဲ့ Aegis combat system မှာ ပက်ထရီယော့ဒုံးကျည်စနစ်ထည့်သွင်းတည်ဆောက်ဖို့ လော့ဟိဒ်မာတင်ကုမ္ပဏီကို ကန်ထရိုက်ပေးအပ်လိုက်ပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်စစ်သင်္ဘောတွေကို တရုတ်က အဆင့်မြင့်လက်နက်တွေနဲ့ တိုက်ခိုက်လာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေရှိနေတာကြောင့် အခုလို PAC-3 MSE အဆင့်မြင့် ဒုံးခွင်းစနစ်တွေကို ပင်လယ်ပြင်မှာ ပထမဆုံးအကြိမ် အသုံးပြုဖို့ လုပ်ဆောင်လာတာပါ။
ဒီစနစ်ကို အသုံးချခြင်းအားဖြင့် ရေတပ်ရဲ့ ဖျက်သင်္ဘောတွေကို ကာကွယ်ပေးနိုင်မယ့် ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ပိုမိုတောင့်တင်းလာမှာဖြစ်သလို လက်ရှိအသုံးပြုနေတဲ့ SM-6 ဒုံးကျည်တွေအပြင် နောက်ထပ် ကာကွယ်ရေးအလွှာတခု ထပ်တိုးလာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပက်ထရီယော့ဒုံးကျည် ထုတ်လုပ်မှုကိုလည်း လာမယ့် ၇ နှစ်အတွင်း တနှစ်ကို အစီးရေ ၆၀၀ ကနေ ၂၀၀၀ ကျော်အထိ သုံးဆတိုးမြှင့် ထုတ်လုပ်သွားဖို့ လော့ဟိဒ်မာတင်နဲ့ ပင်တဂွန်တို့ကြား သဘောတူညီချက် ရရှိထားပါတယ်။






