Border News Agency
ထိုင်း၊ မတ် ၂၃။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ချန်းမြို့နယ်အတွင်းမှာ ဆိုင်ကယ်နဲ့သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား (ယာဘ) ၂၄၈,၀၀၀ ကို ထိုင်းအခြေစိုက် ဖာမိူင်းစစ်ကြောင်းက သိမ်းဆည်းရမိခဲ့တယ်လို့ထိုင်းတော်ဝင်တပ်ဖွဲ့က မတ်လ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမယ်ချန်းမြို့နယ်၊ ပါတန်းကျေးရွာအုပ်စုရှိ လမ်းပိုင်းတခုမှာ မတ်လ ၂၃ ရက်၊ ဒီနေ့မနက် ၇ နာရီခွဲအချိန်က မသင်္ကာဖွယ်ဆိုင်ကယ်တစီးကိုစစ်ဆေးဖို့ ကြိုးစားစဉ် ဆိုင်ကယ်မောင်းနှင်သူဟာဆိုင်ကယ်ကိုပစ်ချပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။
အဲဒီစွန့်ပစ်ထားတဲ့ဆိုင်ကယ်ပေါ်က ခရီးဆောင်အိတ်နှစ်လုံးကိုစစ်ဆေးရာမှာ အိတ်အမည်းထဲကဆေးပြား ၁၆၀,၀၀၀ နဲ့ အိတ်အပြာထဲက ဆေးပြား ၈၈,၀၀၀၊ စုစုပေါင်း ဆေးပြား ၂၄၈,၀၀၀ ကို တွေ့ရှိခဲ့တာပါ။
အဲဒီဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေနဲ့ဆိုင်ကယ်ကို သက်ဆိုင်ရာမယ်ချန်းရဲစခန်းသို့လွှဲပြောင်းပေးထားပြီး ထွက်ပြေးသွားသူကို ဖမ်းဆီးရမိဖို့ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။











