Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၈။
သမ္မတဦးဝင်းမြင့် အကျဉ်းထောင်မှပြန်လွတ်လာပြီး ခြောက်လကြာတဲ့ထိတွေ့ဆုံခွင့်မရသေးတဲ့အတွက် အမှန်တကယ်လွတ်မြောက်လာတာ ရှိ၊ မရှိ စိုးရိမ်မိကြောင်း ရန်ကုန်အခြေစိုက်ဂျာမနီသံရုံးအကြီးအကဲ Mathias Licharz က ပြောဆိုလိုက်ပါတယ်။
သမ္မတဦးဝင်းမြင့်ရဲ့ အသက် ၇၅ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၈ ရက်၊ဒီနေ့မှာ သူကအရင် နေထိုင်ခဲ့ဖူးတဲ့ တာမွေမြို့နယ်ရှိတိုက်ခန်းရှေ့သို့ သွားရောက်ကာ ရုပ်သံသတင်းစကားထုတ်လွှင့်ပြီး ခုလိုထောက်ပြလိုက်တာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ဧပြီလတုန်းက ဦးဝင်းမြင့်ထောင်ကလွတ်လာတယ်ဆိုတဲ့ကြေညာချက်ကို ကြိုဆိုခဲ့ပေမဲ့ သူဟာဧည့်သည်တွေကို လွတ်လွတ်လပ်လပ်တွေ့ဆုံခွင့်၊အကန့်အသတ်မရှိ ဆက်သွယ်ပြောဆိုခွင့်တွေ အမှန်တကယ် ရ၊ မရ ဆိုတာ စိုးရိမ်စရာဖြစ်နေဆဲပါ။”လို့ဂျာမနီသံရုံးအကြီးအကဲက ပြောဆိုခဲ့တာပါ။
အဲဒီအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအရပ်ရပ်ကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့လည်း ဂျာမနီနိုင်ငံအနေနဲ့ ထပ်မံတောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအဆုံးသတ်နိုင်ရေးအတွက် အားလုံးပါဝင်တဲ့အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ကြဖို့ကိုလည်း ဂျာမနီသံရုံးကဆက်လက်တိုက်တွန်းထားပါတယ်။







