Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၈။
အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အသက်လေးဆယ့်ရှစ်နှစ်ပြည့် မွေးနေ့အတွက် ဗမာ့တပ်တော် (Bamar Army) က နိုဝင်ဘာလ ၇ ရက်နေ့မှာ ဂုဏ်ပြုဆုတောင်းသဝဏ်လွှာပေးပို့လိုက်ပါတယ်။
အဲဒီဂုဏ်ပြုဆုတောင်းလွှာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေကြောင်း ဗမာ့တပ်တော်က ရှေးဦးစွာ ဆုမွန်ကောင်း တောင်းဆိုထားတာဖြစ်ပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ်တွေကို ကိုင်ဆွဲပြီး ရက္ခိုင်တမျိုးသားလုံးရဲ့ အမျိုးသားနိုင်ငံရေး၊ ရက္ခိုင်တလမ်းစဉ်အတိုင်း စစ်ရေးရည်မှန်းချက်တွေအတွက် မီးရှူးတန်ဆောင်သဖွယ် ရှေ့ဆောင်လမ်းပြ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအပြင် မွေးနေ့ရက်မြတ်မှသည် ရက္ခိုင်တမျိုးသားလုံး လိုလားတောင့်တနေတဲ့ မျှော်မှန်းချက်တွေကို အကောင်အထည်ဖော် အောင်မြင်နိုင်ပါစေကြောင်းလည်း ဗမာ့တပ်တော်က ဆုတောင်းပေးထားပါတယ်။










