Border News Agency
မန္တလေး၊ ဧပြီ ၁၁။
အာရက္ခတပ်တော် (AA) ရဲ့ ၁၇ နှစ်မြောက် တပ်မတော်နေ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ပြီး AA ရဲ့ အောင်မြင်မှုတွေကို ချီးကျူးစကားဆိုလိုက်ပါတယ်။
အာရက္ခဒေသအတွင်းမှာ AA ရဲ့ စစ်ရေးနဲ့ နိုင်ငံရေးအောင်မြင်မှုတွေဟာ တမျိုးသားလုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အများကြီးအကျိုးရှိစေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် AA အနေနဲ့ MDY-PDF ရဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေအပေါ်မှာ ရုပ်ပိုင်းဆိုင်ရာရောအကြံဉာဏ်ပိုင်းဆိုင်ရာတွေပါ အစဉ်တစိုက် ကူညီပံ့ပိုးပေးခဲ့တာအတွက်လည်း အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေရင်ဆိုင်နေရတဲ့ ဆိုးမွေတွေကိုအပြီးတိုင်အဆုံးသတ်နိုင်ဖို့အတွက် MDY-PDF နဲ့ AA တို့ဟာ နောင်တော်နဲ့ညီတော်တွေလို လက်တွဲညီညီနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း သဝဏ်လွှာမှာကတိပြုထားပါတယ်။
AA ရဲ့ ၁၇ နှစ်မြောက်ကနေစပြီး နောင်နှစ်ပေါင်းများစွာအထိအောင်ပွဲသီးပွင့်တွေ ဆက်လက်ရရှိပါစေကြောင်းနဲ့ ရရှိထားတဲ့အောင်မြင်မှုတွေကိုလည်း ရေရှည်ထိန်းသိမ်းနိုင်ပါစေကြောင်း MDY-PDF က ဆုမွန်ကောင်းတောင်းပေးထားပါတယ်။






