Border News Agency
မန္တလေး၊ဧပြီ ၁၉။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး က သမ္မတတုကိုနိုင်ငံတော်သမ္မတအဖြစ် အသိအမှတ်ပြု ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့တဲ့ လုပ်ရပ်အပေါ် မန္တလေးဆေးတက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ (UMMIUC) က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
UMMIUC အနေနဲ့ အရင်က Ta’angland Health Council (THC) နဲ့ ပူးပေါင်းပြီး Tealand Medical School ပေါ်ပေါက်လာဖို့အတွက် ပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် TNLA ရဲ့ အခုလိုထုတ်ပြန်ချက်ဟာ နိုင်ငံတစ်ဝှမ်းက ပြည်သူတွေရဲ့ ပေးဆပ်မှုတွေနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဆန္ဒသဘောထားတွေကို လျစ်လျူရှုရာရောက်ပြီး တော်လှန်ရေးရဲ့ အခြေခံမူတွေကို သစ္စာဖောက်ဖျက်တာဖြစ်တယ်လို့ဆိုပါတယ်။
တရားမဝင်အကြမ်းဖက်စစ်အုပ်စုကို အသက်သွင်းပေးမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို လက်မခံနိုင်တာကြောင့် THC နဲ့ဖြစ်စေ၊ Tealand Medical School နဲ့ဖြစ်စေ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်အားလုံးကို အပြီးတိုင် ရပ်ဆိုင်းလိုက်တယ်လို့ကြေညာထားပါတယ်။
UMMIUC အနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာတဲ့အထိ ပြည်သူတွေနဲ့အတူ တသားတည်း ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထားပါတယ်။






