Border News Agency
အမေရိကန်၊ဇွန် ၅။
အမေရိကန်နိုင်ငံနဲ့ပြုလုပ်နေတဲ့ ဆွေးနွေးမှုတွေမှာ တစုံတရာ တိုးတက်မှုမရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ခ်ချီကပြောကြားလိုက်ပေမယ့် နှစ်ဖက်ကြား ဆက်သွယ်ရေးလမ်းကြောင်းတွေတော့ ဆက်လက်ဖွင့်လှစ်ထားဆဲ ဖြစ်ပါတယ်။
သူက ပင်လယ်ကွေ့ဒေသတွင်းရှိအမေရိကန်မဟာမိတ်တွေအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာလို့ပြောဆိုပြီး နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေဒါမှမဟုတ် စစ်ရေးအရ အရေးယူမှုတွေက အီရန်ရဲ့ လမ်းစဉ်ကို ပြောင်းလဲစေနိုင်မှာမဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။
တဖက်မှာလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့နှောင်းပိုင်းက အမေရိကန်တပ်ဖွဲ့တွေဟာ ဟော်မုဇ်ရေလက်ကြားရှိ ရေနံတင်သင်္ဘောတစီးနဲ့ ကက်ရှ်မ်ကျွန်းပေါ်က ဆက်သွယ်ရေးဌာနတခုကို တိုက်ခိုက်ခဲ့တာကြောင့် အီရန်ဘက်က ဗုဒ္ဓဟူးနေ့မှာ ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံရှိ အမေရိကန်နဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်အဆောက်အအုံတခု ထိမှန်ခဲ့ပြီး လူတဦး သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့အပြင် အဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်နဲ့ ဆွေးနွေးမှုတွေဟာ အလွန်ကောင်းမွန် နေပြီးလာမယ့် သီတင်းပတ်ကုန်မှာ ပဋိပက္ခတွေကို အဆုံးသတ်မယ့် သဘောတူညီချက်တခု ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်အောက်လွှတ်တော်မှာတော့ အီရန်အပေါ် စစ်ရေးအရ အရေးယူမှုတွေလုပ်ဆောင်ရာမှာ လွှတ်တော်ရဲ့ ခွင့်ပြုချက်ရယူဖို့ ထရမ့်ကို ဖိအားပေးတဲ့ မဲခွဲဆုံးဖြတ်မှုတခု အောင်မြင်ခဲ့ပြီး ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်မရှိဘဲ အစ္စရေးရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေမှာ ထရမ့် ပါဝင်ပတ်သက်ခဲ့မှုကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
အခြားတဖက်မှာတော့ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် အစ္စရေးနဲ့ လက်ဘနွန်တို့ကြား အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြပေမယ့် သဘောတူညီပြီးနောက်မှာပဲ အစ္စရေးက လက်ဘနွန်တောင်ပိုင်း ဇက်ဖ်တာ-ကဖာဝါလမ်းမပေါ်ရှိ အရပ်သား မော်တော်ယာဉ်တစီးကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ လူအချို့ ဒဏ်ရာရရှိခဲ့ပါတယ်။






