Border News Agency
မောင်တော၊ ဧပြီ ၁၉။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝှမ်းမှာ ဝက်သက်ရောဂါကူးစက်မှုတွေ သိသိသာသာ များပြားနေတာကြောင့် နယ်စပ်တလျှောက်က ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ အာရက္ခကျန်းမာရေးဌာနက သတိပေးနှိုးဆော်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ပြီးခဲ့တဲ့ မတ်လကနေ ဧပြီလ ၁၄ ရက်နေ့အထိ ဝက်သက်သံသယရှိသူ ၁၈,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၁၆၀ ကျော်အထိ ရှိလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီ ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေဖြစ်ပြီး အထူးသဖြင့် ကာကွယ်ဆေး မထိုးထားရသေးတဲ့ ကလေးတွေမှာ ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှုနှုန်း ပိုများနေတာပါ။
ဘင်္ဂလားဒေ့ရှ်အစိုးရက ရောဂါကူးစက်မှုများတဲ့ ဒေသ ၁၈ ခုမှာ အရေးပေါ် ကာကွယ်ဆေးထိုးလုပ်ငန်းတွေ လုပ်နေပေမယ့် နယ်စပ်ဖြတ်ကျော် ကူးစက်လာနိုင်ခြေရှိတာကြောင့် သတိပြုဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် နယ်စပ်ဒေသက မိဘပြည်သူတွေအနေနဲ့ မိမိတို့ကလေးငယ်တွေကို ဝက်သက်ကာကွယ်ဆေး ထိုးထားတာ ရှိ၊ မရှိ သေချာစစ်ဆေးဖို့နဲ့ ဖျားတာ၊အနီစက်တွေထွက်တာစတဲ့ လက္ခဏာတွေတွေ့ရင် နီးစပ်ရာကျန်းမာရေးဌာနတွေကို အမြန်ဆုံးအသိပေးကြဖို့ တိုက်တွန်းထားပါတယ်။






