Border News Agency
နေပြည်တော်၊ ဧပြီ ၂၂။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ဟေလုံကျန်းပြည်နယ်ဆိုင်ရာ အတွင်းရေးမှူး Mr. Xu Qin ဦးဆောင်တဲ့အဖွဲ့နဲ့ ဧပြီလ ၂၂ ရက်၊ဒီနေ့မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံကြားဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းဖို့နဲ့ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စိုက်ပျိုးရေး၊ စက်မှု၊ လုံခြုံရေးနဲ့ ခရီးသွားလာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမြှင့်တင်ဖို့နဲ့ လယ်ယာထွက်ကုန်တွေအတွက် နည်းပညာဖလှယ်မယ့် အခြေအနေတွေကိုလည်း ပြောခဲ့ကြတယ်လို့ဆိုပါတယ်။
နောက်ပြီးတရုတ်နိုင်ငံရဲ့ဟာဘင်းမြို့နဲ့ ရန်ကုန်မြို့တို့ကို ညီအစ်မမြို့တွေအဖြစ် သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေ တိုးတက်အောင် လုပ်ဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံပွဲကို စစ်ကော်မရှင်ဘက်က ဝန်ကြီးအချို့နဲ့ တရုတ်သံအမတ်ကြီး Ms. Ma Jia တို့လည်း တက်ရောက်ခဲ့ကြတာပါ။






