Border News Agency
နေပြည်တော်၊ မေ ၂၇။
လာမယ့် ၅နှစ်တာကာလအတွင်းထာဝရငြိမ်းချမ်းရေးရရှိဖို့ မျှော်မှန်းချက်ထားပြီး ဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်သမ္မတတုမင်းအောင်လှိုင်က မေလ ၂၆ ရက်နေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုပဲ ဖိတ်ခေါ်နေပါစေ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဘက်က အမှန်တကယ်ငြိမ်းချမ်းရေးယူလိုစိတ်နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိဖို့လိုတယ်ဆိုပြီး သမ္မတတုကသူတို့ရဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ကာအပြစ်လွှဲချပြောဆိုခဲ့တာပါ။
အဲအပြင် သူတို့ အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် (EAO) အဖွဲ့တချို့နဲ့အောက်ခြေအဆင့်ထိတွေ့ဆွေးနွေးမှုတွေ ရှိနေတယ်လို့လည်း ဝါဒဖြန့် ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်းအာဏာသိမ်းစစ်တပ်ဟာ ကရင်ပြည်၊ရခိုင်ပြည်၊စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအပါအဝင် နိုင်ငံတဝှမ်းလုံးမှာ စစ်မျက်နှာဖွင့်ထားရပြီးစစ်ရှုံးနေကာ နေမြေအများအပြားကိုလည်းလက်လွှတ် ဆုံးရှုံးထားရတာပါ။
အာဏာသိမ်းစစ်တပ်ဟာ စစ်မြေပြင်မှာ ရှုံးနိမ့်နေ တာကြောင့် အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေနေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး ထာဝရငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ဝါဒဖြန့်ရုံသက်သယက်သာ အသုံးချနေတာလို့ စစ်ရေးလေ့လာသူတွေကဆိုကြပါတယ်။






