Border News Agency
အယုဒ္ဓယ၊ ဇူလိုင် ၁၄။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ စက်ရုံတခုမှာ လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်ဖြတ်ခဲ့ရတဲ့မြန်မာအလုပ်သမားတဦးအတွက် နစ်နာကြေး ထိုင်းဘတ်ငွေငါးသိန်း ရရှိခဲ့တယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ WAG အဖွဲ့က ဇူလိုင်လ ၁၃ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမြန်မာလုပ်သား ကိုအာကာဖြိုးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က စင်ထိဝါရပ်ကွက်ရှိသံထည်နဲ့ ထွန်စက်အပိုပစ္စည်းစက်ရုံမှာလုပ်ကိုင်ချိန် မတော်တဆမှုဖြစ်ပွားပြီး လက်ကောက်ဝတ်အထက်နားအထိ ဖြတ်တောက်ခဲ့ရတာဖြစ်ပါတယ်။
သူဟာ စက်ရုံမှာအလုပ်ဝင်လုပ်နေတာ လေးရက်သာရှိသေးပြီး စာရွက်စာတမ်းမပြည့်စုံတဲ့တရားမဝင်အလုပ်သမားတဦးဖြစ်နေတာကြောင့် နစ်နာကြေးရဖို့ WAG အဖွဲ့ဆီ အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းနဲ့အဖွဲ့ဟာ မြို့နယ်အလုပ်သမားရုံး (ဆဝါဒီကန်)၊ လူမှုဖူလုံရေးရုံး (ပကန်စခွန်)တို့နဲ့ ညှိနှိုင်းကာ အလုပ်သမားရပိုင်ခွင့်တွေရဖို့ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီကိစ္စကို WAG အဖွဲ့နဲ့အတူ ပညာရေးနဲ့ ဖွံ့ဖြိုးတက်ရေးဖောင်ဒေးရှင်း (FED)၊ အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးဌာနတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။







