Border News Agency
ဖူးခက်၊ ဇူလိုင် ၁၇။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့မှာ ဆိုင်ကယ်နဲ့အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးကို ဖူးခက်ခရီးသွားရဲတပ်ဖွဲ့ကဇူလိုင်လ ၁၅ ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖမ်းဆီးခံရသူဟာ အဲဒီနေ့နေ့လည် ၂ နာရီ ၁၀ မိနစ်အချိန်က ဝယ်ယူသူဆီ အစားအသောက်အော်ဒါ သွားရောက်ပို့နေတုန်း လမ်းမှာတင် ရဲတပ်ဖွဲ့ရဲ့ တားဆီးဖမ်းဆီးတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ကို ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားတွေအတွက် ခွင့်ပြုထားတဲ့ လုပ်ပိုင်ခွင့်ဘောင်အပြင်ဘက်မှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုနဲ့ တရားစွဲဆိုသွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ ဒေသခံရဲစခန်းထံ လွှဲပြောင်းကာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဖူးခက်ခရီးသွားရဲတပ်ဖွဲ့ကတော့ နိုင်ငံခြားသားအလုပ်သမားတွေအနေနဲ့ သူတို့အတွက် သတ်မှတ်ပေးထားတဲ့ အလုပ်အကိုင်စည်းကမ်းတွေကို လိုက်နာမှုရှိစေဖို့ စဉ်ဆက်မပြတ် ဆက်လက်စစ်ဆေးသွားမယ်လို့ ပြောကြားထားပါတယ်။
ထိုင်းနိုင်ငံမှာ ရိုင်ဒါအလုပ်အပါအဝင် နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ ကန့်သတ်အလုပ်တွေကို လုပ်ကိုင်တာရှိ၊ မရှိ နယ်မြေအလိုက်ရဲတပ်ဖွဲ့က အထူးကြပ်မတ် စစ်ဆေးနေတာ ဖြစ်ပါတယ်။










