Border News Agency
ဟနွိုင်း၊ စက်တင်ဘာ ၅။
ဗီယက်နမ်နိုင်ငံသို့သွားရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာစက်တင်ဘာလ ၅ ရက်၊ဒီနေ့မှာ ဗီယက်နမ်သမ္မတမစ္စတာတိုလန်းနဲ့ ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမမှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံချိန်အတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအပြင် နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဆောင်ရွက်ရေးကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်တွင်းမှာ စစ်ရေးအရအရေးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေသတွင်းနိုင်ငံတွေဆီ သံတမန်ရေးအရထိတွေ့ဆက်ဆံမှုတွေပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
အဲဒီခရီးစဉ်အတွင်း မင်းအောင်လှိုင်ဟာ ဗီယက်နမ်နိုင်ငံရှိ အဓိကစီးပွားရေးနဲ့ နည်းပညာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း သွားရောက်တွေ့ဆုံနေပါတယ်။











