Border News Agency
ထိုင်း၊ စက်တင်ဘာ ၅။
ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားဆယ့်ခုနှစ်ဦးကို တင်ဆောင်လာတဲ့ပစ်ကပ်ကားတစီးကို အဝေးပြေးလမ်းမရဲတပ်ဖွဲ့က စက်တင်ဘာ ၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
နယ်စပ်မှတရားမဝင်ဝင်ရောက်လာသူတွေကို သယ်ဆောင်လာကြောင်းသံသယရှိလို့ စိုင်ယို့ခ်အဝေးပြေးလမ်းမရဲစခန်းမှ တာဝန်ရှိသူတွေကစောင့်ကြည့်လိုက်လံချိန် ကန်ချနဘူရီခရိုင်ကျေးရွာလမ်းတနေရာအရောက်မှာ ယာဉ်မောင်းဖြစ်သူက ကားကိုရပ်တန့်ကာထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီမော်တော်ယာဉ်ကို ရဲတပ်ဖွဲ့ကဝင်ရောက်စစ်ဆေးရာ ကားအတွင်းခန်းနဲ့နောက်ဖုံးတာပေါ်လင်စနဲ့ ဖုံးအုပ်ထားတဲ့နေရာအတွင်းမှ အထောက်အထားမဲ့မြန်မာနိုင်ငံသားဆယ့်ခုနှစ်ဦးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားတွေဆီမှာ ခရီးသွားလာခွင့်စာရွက်စာတမ်း သို့မဟုတ် သက်ဆိုင်ရာအစိုးရအထောက်အထားတစုံတရာမရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို ဥပဒေအတိုင်း ဆက်လက်အရေးယူနိုင်ဖို့ တာဝန်ရှိသူတွေဆီလွှဲပြောင်းပေးထားပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ယာဉ်မောင်းနဲ့ လူမှောင်ခိုကွန်ရက်ကို ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့ကဆက်လက်စုံစမ်းနေပါတယ်။









