Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၆။
နိုင်ငံရေးရပ်ဝန်းထဲမှာပဲဖြစ်ဖြစ်၊လူမှုရေးရပ်ဝန်းထဲမှာပဲဖြစ်ဖြစ်၊လက်နက်ကိုင်တော်လှန်ရေးရပ်ဝန်းထဲမှာပဲဖြစ်ဖြစ် တချို့ဟာ လူထုချစ်ခင်မှု၊လူထုကိုဗဟိုပြုမှုဆိုတာတွေထက် လူထုဆီကကြောက်ရွံ့ခန့်ညားမှုကို(Fear Over Love)အလုပ်ဖြစ်တယ်လို့ ထင်မြင်လာတာကို ပြန်သုံးသပ်စရာဖြစ်လာပါတယ်။
ဘာကြောင့်ဒီလိုလုပ်ကြလဲဆိုရင် အဖြေက ဖြတ်လမ်းနည်းကိုသုံးချင်လို့ပါလို့ပဲဖြေရမှာပါ။
မူဝါဒပိုင်းအရကို လူထုအကျိုးစီးပွားနဲ့ တထပ်တည်းကျတဲ့လုပ်ရပ်ကို မလုပ်နိုင်တဲ့အခါ လူထုပါဝင်လိုစိတ်နည်းမှုအပေါ် အပြစ်မြင်နေကြတာပါ။
မူဝါဒပိုင်းမှာ ယေဘူယျဆန်ဆန်အချက်တွေကို အော်ပြနေပေမယ့် မြေပြင်မှာ လူထုအကျိုးစီးပွား ဒါမှမဟုတ် လူထုအခက်အခဲကို ဖြေရှင်းနေမှသာ လူထုပါလာတတ်တာပါ။
ပါတီအဖွဲ့အစည်းတွေနဲ့ လူမှုနိုင်ငံရေးအဖွဲ့အစည်းတွေရှိခဲ့ချိန်တုန်းက လူထုအကျိုးစီးပွား ဒါမှမဟုတ် လူထုအခက်အခဲအပေါ် ဦးဆောင်ပြီး အောင်မြင်အောင် ကာလရှည်ဘယ်လောက်ကြိုးစားခဲ့ဖူးသလဲဆိုတာက အဖြေပေါ်လာပါတယ်။
ပြဿနာတခု၊ခေါင်းစဉ်တခုကို မြေပြင်အနေအထားဗဟိုပြုပြီး အဲဒီလိုရှာဖွေရှင်းလင်းခဲ့တဲ့အတွေ့အကြုံရှိရင်တော့ လူထုကို အပြစ်တင်တတ်တဲ့ စိတ်သိပ်မဖြစ်ဘဲ လူထုနဲ့တသားတည်းကျမယ့်နည်းကိုပဲ ရှာဖွေသွားပါလိမ့်မယ်။
အဲဒီလိုမဟုတ်ဘဲ တော်တော်များများဟာ ပါတီအဖွဲ့အစည်းတွေ ဒါမှမဟုတ် လူမှုနိုင်ငံရေးအဖွဲ့အစည်းတွေမှာအချိန် တော်တော်များများရှိခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအချိန်တော်တော်များများဟာ အုပ်စုဖွဲ့တာတွေ၊ဆရာမွေးတပည့်မွေးကြတာတွေ၊အချင်းချင်းခြေပုန်းခုတ်ဒေါက်ဖြုတ်ကြတာတွေ၊ဖင်ထိုင်ရာတခုရရင်သံမှိုနဲ့ စွဲနေသလို အကျင့် စာရိတ္တတွေ၊လုပ်ပိုင်ခွင့်နေရာကိုသာ အာရုံပြုနေကြတာတွေ၊လူထုအခက်အခဲအပေါ်မှာလည်း ပေါ်ပင်လိုက်နှမ်းဖြူးသဘောလောက် ရပ်တည်တာတွေစတာတွေနဲ့သာ နပန်းလုံးနေတဲ့အတွေ့အ ကြုံမျိုးသာရှိရင်တော့ (Fear Over Love)ကိုပဲ သဘောကျကြမှာပါ။
လူထုအခက်အခဲကိုခေါင်းစားခံပြီး ဖြေရှင်းဖို့စိတ်မကူးရင် အာဏာပြဖို့ပဲ အရသာတွေ့လာနိုင်ပါလိမ့်မယ်။
လူထုအခက်အခဲကိုဖြေရှင်းတဲ့အခါမှာ ကိုယ်စိတ်ဝင်စားရာလုပ်ငန်းနယ်ပယ်အလိုက်ရှိပါတယ်။
ကိုယ်စိတ်ဝင်စားရာလုပ်ငန်းနယ်ပယ်ထဲက လူထုအခက်အခဲကို ပြန်ကြည့်နိုင်မှဗြူရိုကရေစီနဲ့ မူဝါဒတွေ၊ဥပဒေတွေရဲ့အားနည်းချက်တွေမြေပြင်လိုအပ်ချက်တွေကို ခံစားနိုင်မှာပါ။
မြန်မာ့နိုင်ငံရေးမှာ ကုန်ခဲ့တဲ့လွှတ်တော်သက်တမ်းဆယ်နှစ်အတွင်း တိုင်းနဲ့ပြည်နယ်အဆင့်တွေမှာ ဝန်ကြီးတွေလုပ်ကြတော့ အဲလိုဗြူရိုကရေစီနဲ့မူဝါဒတွေ၊ဥပဒေတွေရဲ့အားနည်းချက်တွေ၊မြေပြင်ရဲ့လိုအပ်ချက်တွေကို မသိတဲ့အခါ ဗြူရိုကရေစီထဲက စားဖားတွေပြောတဲ့အတိုင်းပဲ စီးမျောသွားပြီး လူထုဟာ စိတ်ပျက်ခဲ့ရတာတွေရှိပါတယ်။
မြန်မာနိုင်ငံရေးထဲမှာ ယုံကြည်ချက်အတွက် အသက်ပေးရဲသူ၊ထောင်ကျခံရဲသူတွေရှိပါတယ်။သူရဲကောင်းတွေရှိကြပါတယ်။
ဒါပေမယ့် လူထုအပေါ်စိတ်ရှည်ပြီး လူထုဒဏ်ရာကို ကုသပေးတဲ့လူနည်းပါတယ်။
အဲဒီတော့ အုပ်ချုပ်ရေးဆိုင်ရာ၊မူဝါဒရေးရာကိစ္စတွေဟာ ဗြူရိုကရက်ထိုင်ခုံပေါ်မှာ အထိုင်ကျနေသူတွေ၊အာဏာဟာ အထက်ကအောက်ကိုစီးတယ်ဆိုတာကို အသားကျနေတဲ့သူတွေထဲမှာပြန်ရောက်သွားပါတယ်။
အဲဒီလိုဗြူရိုကရက်တွေနဲ့စောစောက ပြောတဲ့လူထုအခက်အခဲကို စိတ်မရှည်တဲ့ပေါ်ပြူလစ်တွေ စုသွားတဲ့အခါ လူ့အဖွဲ့အစည်းဟာ ဒက်စတိုပီယန်းဝေဒနာတွေကိုခံစားလာရတာ အဆန်းတော့ မဟုတ်ပါဘူး။
မျိုးစေ့ဗီဇအဆင့်ကပင် ပျက်သုဉ်းခြင်း
နိုင်ငံရေးဖြစ်စဉ်၊အာဏာဖြစ်စဉ်ဟာ လူထုနဲ့ကင်းကွာမှုဘယ်လိုရှိတယ်ဆိုတာကလည်း ခက်ခက်ခဲခဲရှာနေစရာမလိုပါဘူး။
အဲဒီနေရာမှာ”လူထုကို ဒက်စတိုပီယန်း ရှင်သန်မှုလိုလုပ်ထားတာဟာ မတော်တဆဖြစ်ရပ်မဟုတ်ပါဘူး။
အဲဒါဟာအကောင်အထည်ဖော်မှုပါ။ ထိပ်ပိုင်းက သမာသမတ်ကျသလိုလို အသံပစ်တာမျိုးရှိနေပေမယ့် အလည်အလတ်အဆင့်နဲ့အောက်ခြေအဆင့်မှာတော့ ညှင်းပန်းအာဏာပြခိုင်းထားတာမျိုးတွေပါ။
အောက်ခြေမှာ ဗရမ်းပတာဖြစ်မှုကို အပေါ်ကတမင်ခွင့်ပြုထားတာမျိုးပါ။” ဆိုတဲ့အချက်ကို အလေးထားသုံးသပ်ဖို့လိုပါတယ်။
လူအဖွဲ့အစည်းကို ဒက်စတိုပီယန်းရှင်သန်မှုအောက်ထဲရောက်သွားဖို့အတွက် ကနဦးစတင်လာရတဲ့အရိပ်အယောင်တွေပြရပါတယ်။
ဥပမာ – လမ်းပေါ်မှာ စောင့်နေရတဲ့ဂိတ်တွေက လူထုကိုဘယ်လိုပြုမူနေသလဲ။
ရပ်ရွာအဆင့်ကသူတွေ လူထုကို ဘယ်လိုပြုမူနေသလဲဆိုတဲ့အချက်တွေနဲ့တင်ဆုံးဖြတ်လို့ရတာတွေ အများကြီးပါ။
အဲဒီလိုဂိတ်တွေအဆင့်၊ရပ်ရွာအဆင့်လောက်က လူထုအပေါ်ပြုမူတဲ့ မကောင်းတဲ့အချက်တွေကို ဟန့်တားလို့မရဘူးလားဆိုရင်ရပါတယ်။
ဟန့်တားဖို့အတွက်အကြောင်းပြချက်မလိုပါဘူး။ အဖြေက ရိုးရှင်းပါတယ်။
အဲဒါဟာ အောက်ခြေကပြဿနာမဟုတ်ပါဘူး။ အပေါ်ကအောက်ကို ခိုင်းထားတဲ့၊ခွင့်ပြုထားတဲ့ ပြဿနာပါ။
ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုရင် လူထုကိုအပြစ်မြင်လို့ပါ။
အာဏာပြခြင်းနဲ့အာဏာတည်ခြင်းဟာ ကွာခြားပါတယ်။ အာဏာပြခြင်းက လူထုအပေါ် ကြမ်းကြုပ်ခြင်းပါ။ အာဏာတည်ခြင်း လူထုဆီက အတည်ပြုခြင်းပါ။
လူထုထောက်ခံမှုရှိနေချိန်မှာတောင် ငါတို့လိုအပ်ချက်၊ငါတို့ အခက်အခဲကို ပြည့်မှီအောင်မထောက်ခံရကောင်းလား။ ငါတို့အကြောင်းသိစေရမယ်ဆိုတဲ့ ကိုယ်အခက်အခဲကို ဗဟိုပြုချဉ်းကပ်မှုက အားကောင်းလာတဲ့အခါ အာဏာပြကြမ်းကြုပ်ခြင်းကိုပဲ အာဏာတည်ဖို့အတွက် လိုအပ်ချက်လို့ထင်နေတဲ့ကင်ဆာကိုလည်း မတားဆီးနိုင်ခဲ့ပါဘူး။
လေးငါးနှစ်ထဲဝင်လာတဲ့အခါ ကင်ဆာက မနည်းပျံ့နှံ့သွားပါပြီ။
ဆက်ရန်…







